Unicode
အမတ်ကြီး၏အကြံအစည်ကို ဖော်ထုတ်ခြင်း
__________________
ထ်ိုညက လပြည့်ညဖြစ်သည်။
ပီယံမိတ်သည် နောက်ဆုံးသောအလုပ်တာဝန်ပြီး၍ မိမိ၏ယာယီတဲနန်းဆောင်ရှိရာဆီ ပြန်လာသောလမ်းတွင် လရောင်အောက်မှ အပြာရင့်ရောင်တလွင့်လွင့်ကို ဖျတ်ခနဲ တွေ့မြင်လိုက်ရသည်။
ပီယံ နောက်ခြေတစ်လှမ်းပြန်ဆုတ်ကာ အသေချာကြည့်လေသော် လရောင်တိုက်ရိုက်ခသော နေရာတည့်တည့်တည့်တွင် ရေဝတီတစ်ယောက် လက်နှစ်ဖက်ကို ဘေးဆန့်တန်း၍လည်းကောင်း၊ ခေါင်းကိုမော်ကာ မျက်လုံးမှိတ်၍လည်းကောင်း ဆန့်ဆန့်ကြီးရပ်နေသည်ကို တွေ့မြင်ရသည်။
ရေဝတီသည် အဖြူရောင်အဝတ်တို့ကို ဝတ်ဆင်ထားလျက် သူမ၏ကြော့ရှင်းသော လည်တိုင်တွင်မူ အပြာရင့်ရောင် ပဝါကို နောက်ပြန်ပတ်ထားသည်။ ညလေညင်းက ဆော်သွေးသောကြောင့် သူမ၏ပဝါမှာ အနည်းငယ် တလူးတလူးတလွင့်လွင့်ဖြစ်နေသည်။ တမူထူးခြားသည်က ရေဝတီသည် ခါတိုင်းလို ဆံပင်ကို ကျစ်ဆံမြီးမကျစ်ထားဘဲ ဖားလျားချ၍ထားသည်။ ထို့ကြောင့် အပြာရောင်ကြိုးများနှင့် ရောယှက်နေသောသူမ၏ဆံပင်များမှာလည်း လေပြည်ကြောင့် လှုပ်ရှားယိမ်းယိုင်လျက်ရှိသည်။
ပီယံသည် သူမ မည်သည့်အရာများပြုလုပ်နေသည်ကို သိချင်မိသည့်အတွက် သူမအနားသို့ လမ်းလျှောက်သွားသည်။
ပီယံ့၏ခြေလှမ်းမှာ ညင်သာသည့်တိုင် ရေဝတီသည် အသိစိတ်အာရုံအားကောင်းလှသော နဂါးဖြစ်ရလေကာ အလိုလိုမျက်လုံးပွင့်လာပြီး ပီယံ့ဘက်ကို လှည့်ကြည့်လာသည်။
" အိုး...မင်းသားပီယံမိတ်ပါလား"
သူမ ပြုံး၍ ပေါ့ပါးစွာနှုတ်ဆက်သည်။
" ဒီမှာတစ်ယောက်တည်းရပ်ပြီး ဘာလုပ်နေတာလဲ"
ရေဝတီက သူမ၏ လူးလွင့်နေသောဆံပင်အချို့ကို နားတစ်ဖက်၏နောက်သို့ ထိုးသွင်းသပ်တင်လိုက်သည်။ ရေဝတီ့ကို ဆံပင်ဖားလျားနှင့် တစ်ခါမှ မမြင်ဖူးတာကြောင့် သူမ၏ ယခုပုံစံမှာ ပီယံ့အတွက် အထူးအဆန်းဖြစ်နေသည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...