Unicode
နဂါးမင်းသားအဏ္ဏ ပြန်လည်ရောက်ရှိလာခြင်းနှင့်
အချိန်ကူးသန်းတွင်းပေါက်၏ တည်နေရာ_____________
အကျဉ်းထောင်သည် အေးစက်လွန်းလှ၏။
နေထွက်လာပြီး မနက်ခင်းသို့ရောက်ရှိနေပြီ ဖြစ်သည့်တိုင် အလုံပိတ်ထားသော အကျဉ်းထောင်မှာ အလင်းရောင် ထင်သလောက် မဝင်ရောက်ပါချေ။ ထို့ကြောင့် ညဦးရောက်စပမာ အမှောင်ကျနေပြီး ဆောင်းရာသီပေမို့ အေးစိမ့်သည့်အငွေ့အသက်ကလည်း ဝေ့ဝဲနေသေးသည်။
ယုဂန်သည် ချမ်းအေးမှုကြောင့် ကိုယ်ကို ကျုံ့လိုက်မိ၏။
သူသည် ဒူးနှစ်ဖက်ကိုဖက်ကာ ကွေးကွေးလေးကျုံ့နေသည့်တိုင် ခြေထောက်နှစ်ဖက်ကို ခတ်ထားသည့် သံခြေချင်းသည်လည်းကောင်း၊ လက်နှစ်ဖက်ကို ချုပ်ထားသော သံကွင်းများသည်လည်းကောင်း ရေခဲပမာ အေးခဲနေရာ ချမ်းအေးမှုက မပ,ပျောက်နိုင်ဖြစ်နေသည်။
ယုဂန်၏ ထိခိုက်မိထားသော ဘယ်ဘက်ခြေချင်းဝတ်က ခရမ်းပုပ်ရောင်ထွက်နေ၏။ ထိုနေရာက သံ၏အေးစက်မှုနှင့်ကြုံသော် တဆစ်ဆစ်ကိုက်ခဲနေသည်။
မင်းယောဇာက ယုဂန်ကို ဆေးကုသပေးရန် အစီစဉ်ရှိပုံမရချေ။ သူ့အတွက်ကတော့ ယုဂန်ခြေထောက်ထိကာ မပြေးနိုင်ခြင်းက ပိုပြီးအဆင်ပြေသည်ဟုဆိုရမည်။
ယုဂန်၏နှာခေါင်းထိပ်နှင့် နားရွက်ထိပ်များသည် အအေးဓာတ်ကြောင့်နီမြန်းနေ၏။ သူ၏အမြဲတစေ ကြည်စင်လေ့ရှိသော မျက်ဝန်းများဟာလည်း ယခုတွင်မူ မှုန်မှိုင်းအရောင်မဲ့လွန်း၍ အတန်ကြာငိုခဲ့ခြင်းကြောင့်လည်း မျက်လုံးနားတစ်ဝိုက် ဖူးမို့နေသည်။
အခန်းသည် တိတ်ဆိတ်လွန်း၏။ ယုဂန်၏စိတ်က သူ၏အသိစိတ်၌ မကပ်နေရာ အကျဉ်းထောင်တံခါးဖွင့်သံကိုလည်းကောင်း၊ အနားသို့ လူတစ်ဦးလမ်းလျှောက်လာသည်ကိုလည်းကောင်း သတိမထားမိချေ။
သူ့ရှေ့သို့ ရွဲထခေါင်နူးထိုင်ချလာပြီး သူ့ပါးကို လက်ဖြင့်လာထိမှသာ ယုဂန် သတိပြန်ဝင်လာသည်။ ယုဂန် စက်ဆုပ်လှသောကြောင့် ဆတ်ခနဲအနောက်ဆုတ်လိုက်သည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...