Unicode
ယုဂန်၏စာတစ်စောင်
__________
မင်းယောဇာနှင့် မှော်နက်ပညာရှင်များအား လိုက်လံဖမ်းဆီးရန် အနောက်မှလိုက်သွားကြသော နတ်သား၁၀ပါးတို့သည် လမ်းခုလတ်မှာတင် မင်းယောဇာတို့ကို မျက်ခြည်ပြတ်သွား၏။
အဆိုးထဲမှ အကောင်းအနေဖြင့် မင်းယောဇာတို့၏တပ်မှ ကျန်ရစ်သောစစ်သည်များကို သုံ့ပန်းအနေဖြင့် ဖမ်းဆီးရရှိလိုက်သည်။ ထိုစစ်သည်အများစုသည် မှော်နက်ဖြင့် စိတ်ညှို့ခံထားရမှန်းသိရှိလိုက်သည်မို့ သူတို့ကို ကျိန်စာမှလွတ်အောင် နတ်များက ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါကိစ္စအဝဝကို ဦးစီးဦးဆောင်ပြု၍ ဆောင်ရွက်နေသော နံ့ရှားကြာသုနန္ဒာသည် အလုပ်များနေသောကြောင့် သူ့အနားသို့ နရတ်ရောက်ရှိလာသည်ကို မသိမမူမိချေ။
ထိုအခြေအနေကို အခွင့်ကောင်းယူကာ နရတ်သည် သုနန္ဒာနားချဉ်းကပ်သွား၍
" ဟိတ်" ခနဲ အသံပေးကာ ခြောက်လှန့်လိုက်သည်။
သုနန္ဒာလှည့်ကြည့်လိုက်သော် နရတ်က သူ့ကို ခေါင်းလေးစောင်းလျက်ကြည့်ကာ ပြုံးပြနေသည်။
" ဟော်...မင်း..."
သုနန္ဒာ တအံ့တဩဆို၍ မဆုံးခင်မှာပင် နရတ်က တောက်တော်ကပပပြုံးပြကာ
" ကျွန်တော်တို့ထပ်တွေ့ပြန်ပြီနော် နတ်သားကိုကို။ ရေစက်ပါတယ်နဲ့ တူတယ်"
ဟု တက်ကြွစွာဆိုသည်။
သုနန္ဒာသည် နရတ်ထက် အနှစ်၂၀၀ ကျော်ကျော် အသက်ပိုကြီး၏။ သို့ရာတွင် သုနန္ဒာမှာ ၅ ပေ ၇ လက်မသာရှိသည်ရာ ခြောက်ပေကျော်သော နရတ်ထက် ပို၍ အတော်လေးအကောင်သေးသည်။
" ဟုတ်ပါရဲ့။ ဒါနဲ့ မင်းက ဒီကိုဘယ်လိုရောက်နေတာလဲ"
" သွားရင်းလာရင်း ဆိုပါတော့"
နရတ်က ပခုံးတွန့်ပြလျက်ဆိုသည်။ သုနန္ဒာက သူ့ကို မသင်္ကာစွာကြည့်သည်။
" သွားရင်းလာရင်း တိုက်ပွဲကို ဝင်တိုက်ပေးခဲ့တယ်ပေါ့"
" ဟုတ်တယ်။ အဲ့လိုပဲ။ ကျွန်တော့်ကို မယုံဘူးလား"
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...