Chapter : 148

7.4K 746 179
                                    

Unicode

မင်းယောဇာ၏ထောင်ချောက်
___________________

လွန်ခဲ့သော သုံး၊ လေးနာရီခန့်က....

ဟီရနန်းတော်တွင်းသို့ မင်းသားအရုဏ​၏တပ်များ တဟုန်ထိုးဝင်ရောက်လာပြီး နန်းတော်ကို ခဏလေးအတွင်း နေရာယူဖြန့်ကျက်လာသည်။

ထိုအချိန်တွင် ယောဇာမှာ မင်းသားမဏိ​၏နန်းဆောင် မီးလောင်သဖြင့် အစ်ကိုတော်ဇောဖြင့် မီးပုံထဲတိုးကာ လိုက်ရှာနေမိသောအချိန်လည်းဖြစ်သည်။

သို့သော်လည်း အစ်ကိုတော်မဏိကို ရှာမတွေ့သည့်အပြင် မီးဟာလည်းပိုမိုကြီးထွားလာပြီး မီးခိုးငွေ့များ မွှန်ထူလာသည်မို့ ယောဇာလည်း မတတ်နိုင်ဘဲ အပြင်ဘက်သို့သာ ဒယိမ်းဒယိုင်ပြန်ထွက်လာခဲ့ရသည်။

ထိုအချိန်မှ မင်းသားအရုဏ​၏တပ်များ နန်းတော်ထဲထိပါ ရောက်လာကြောင်း သိလိုက်ရ​၏။

ယောဇာလည်း အချိန်ဆွဲနေ၍မရသောကြောင့် ချက်ချင်း လက်နက်လူသူ စစ်သည်အင်အားပြင်ဆင်ကာ မင်းသားမရုဏကို ခံစစ်ဆင်ရန် ပြင်ဆင်ရလေသည်။

နန်းတော်အတွင်းပေမို့ ဆင်နှင့် စစ်မြင်းများကို အများအပြားမသုံးနိုင်ချေ။ မင်းယောဇာဘက်ကရော၊ အရုဏဘက်ကပါ ခြေလျင်စစ်သည်များသာသုံးနိုင်၍ အရေးအတွက်နည်းလွန်းသော မြင်းပျံတပ်သားအချို့သာရှိနေသည်။

မင်းယောဇာသည် သူကိုယ်တိုင် စစ်ဦးစီးချုပ်နေရာမှနေ​၏။

သူသည် ဓားရေးထက် မြားရေးတွင် သူမတူအောင်ထူးချွန်သောသူဖြစ်သောကြောင့် အနီးကပ်တိုက်ကွက်များအစား အဝေးမှနေ၍ ရန်သူကိုမြားဖြင့်ပစ်သော တိုက်ကွက်ကို ပိုမိုအသုံးပြုသည်။

မင်းယောဇာသည် တစ်ချိန်တည်းမှာတင် မြားသုံးလေးချောင်းခန့်ကို မတူညီသော ပစ်မှတ်လေးနေရာထိ ထိမှန်အောင်ပစ်နိုင်​၏။ ထို့ကြောင့် သူ​၏မြားရေးအစွမ်းသောအသုံးပြုသောအခါ ရန်သူများက သူ့အနားသို့ပင် မရောက်ခင် သေဆုံးသွားကြသည်က များသည်။

မင်းယောဇာသည် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေ​၏။ ထိုစဉ်မှာတင် ရန်သူ့တပ်များအလယ်မှ အဲမောင်းကို ကိုင်ကာ သူ့ဆီတန်းတန်းမတ်မတ်လာနေသော စစ်ဦးစီးချုပ် ချပ်ဝတ်တန်ဆာဖြင့် လူကိုမြင်လိုက်ရလေသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now