Chapter : 107

12.4K 1.4K 264
                                    

Unicode

ပုန်ကန်ခြင်းတွင် ပီယံမိတ်ပါဝင်လာခြင်း

__________________

" အရှင့်သား...ကျွန်ုပ်တို့ကို မင်းကြီးဘရဏသူတပ်က လာတိုက်နေပါပြီ။ အရှင့်သားကိုမတွေ့လို့ လောလောဆယ် တပ်မှူးသုန္ဒရီဟာ ခံစစ်ကို အမြန်အဆန်စီစဉ်ဆောင်ရွက်နေပါတယ်"

ထိုစကားကိုကြားကြားချင်း အရုဏ​၏စိမ်းမြသောမျက်ဝန်းများသည် မာကြောကာ တင်းမာသွား​၏။ တည်နေသော အညိုရောင် မျက်နှာထက်တွင် ပြင်းပြလာသော ရဲသွေးများနှင့်အတူ အာရုံစူးစိုက်ခြင်းဟာလည်း အပြည့်အဝတောက်လောင်လာသည်။

သူသည် ချက်ချင်းအသင့်အနေအထားသို့ ပြင်သွားပြီး တောထဲသို့သွားစဉ်က ကျားရဲအန္တရာယ်နှင့် မထင်မှတ်ထားသောအန္တရာယ်များမှ ကာကွယ်ရန်အလို့ငှါ သယ်ဆောင်သွားသည့် သူ​၏လက်နက်ကို ခါးကြားမှ ထုတ်ကိုင်လိုက်သည်။

သူ ခလုတ်ကိုနှိပ်လိုက်သည်။ ထိုအခါ အနှီလက်တစ်ထွာခန့်အရွယ်ရှိ ငွေရောင်တုတ်ချောင်းမှာ ချက်ချင်းရှည်ထွက်လာကာ ထက်ရှသောဓားအသွားသည်လည်း အစွန်းနှစ်ဖက်၌ ပြန့်ကားလာသည်။

ထို့နောက် အရုဏ အရှေ့ကနေ မြန်ဆန်စွာထွက်ခွာသွားသည်။

ထို့ကြောင့် စစ်သည်နှင့် ယုဂန်သည်လည်း အရုဏအနောက်မှ ကမန်းကတန်းပြေးလိုက်သွားကြသည်။

တိုက်ပွဲသည်ကား ရွာကိုပတ်လည်ဝိုင်းကာ ကာရံထားသော ခံတပ်ပြင်ပ၌ ဖြစ်ပွားနေခြင်းဖြစ်​သည်။ အနှီ အမျှော်အမြင်ရှိစွာ ဆောက်လုပ်ပြီးစီးခဲ့သော ခံတပ်သည် တခြားသော ခံတပ်များနှင့်မတူညီဘဲ တည်ဆောက်ပုံမှာ ဉာဏ်နှင့်ယှဉ်ပြီး အဆင့်မြှင့်ထားသည်ဖြစ်ရာ သာမန်ထက်ပို၍ တောင့်တင်းခိုင်မာလှသည်။ ခိုင်မာမှုကိုထပ်ဆင့်၍ စစ်သည်နေရာချထားခြင်းနှင့် လက်နက်များကို ထိရောက်သည့်နေရာတွင် တပ်ဆင်ထားခြင်းကလည်း ရန်သူများကိုဖောက်၍မရအောင် ကာရံထားနိုင်သည်။

မိမိတို့ကို လာ၍တိုက်ခိုက်သော မင်းကြီး​၏ တပ်ဖွဲ့သည် အင်အားသိပ်မကြီးလှဘဲ စနည်းနာရန် ရှေ့ပြေးလွှတ်လိုက်သော တပ်ဖွဲ့နှင့်ပိုတူသည်။ တစ်နည်းအားဖြင့် အရုဏ​၏တည်နေရာကိုသိသွားသဖြင့် အကဲလာစမ်းခြင်းသာ။ နောက်မှ အရုဏကိုအမိဖမ်းနိုင်ရန် အကူတပ်ဖွဲ့အင်အားများ လွှတ်ပေးလာမည့်သဏ္ဌာန်ရှိသည်။

The Everlasting One (volume 2 + 3 )Where stories live. Discover now