Unicode
နဂါးမင်းသားအဏ္ဏနှင့် တွေ့ဆုံခြင်း
____________
အရုဏ အိပ်ရာနိုးလာချိန်တွင် သူ့ရင်ခွင်ထဲမှ ယုဂန်မှာ နှစ်ခြိုက်စွာ အိပ်မောကျနေစမြဲရှိသေးသည်။
ယုဂန် ဘေးတွင်မူ မနက်အစောကတည်းကနိုးနေသည့် ဣန္ဒီလေးက မှောက်ရက်ဖြစ်နေပြီး ယုဂန်ဘက်ကိုလှည့်ကာ သူမ၏ဖဘုရားအိပ်ပျော်နေသည်ကို ပြူးတူးတူးလေးကြည့်နေသည်။
အရုဏ ပြုံးလိုက်ပြီး ယုဂန်ကိုကျော်ကာ သမီးလေး၏ပါးကို လှမ်းဖျစ်လိုက်သည်။ ထိုအခါ ဣန္ဒီလေးက အရုဏဆီမော်ကြည့်လျက် သွားမရှိသောပါးစပ်လေးနှင့် ရွှင်ပျစွာရယ်ပြလာသည်။ ထို့နောက် အုအုအဲအဲနှင့် အသံပိစိလေးများပြုပြီး သူမ၏ရှေ့ထုတ်ထားသော လက်သေးသေးလေးများအပေါ် ခေါင်းမှောက်ချသွားသည်။
မနက်ခင်းလေးဟာ အားရပါးရအိပ်ချင်လောက်အောင် အေးချမ်းသာယာနေသည်။ သို့သော်လည်း အစောကတည်းက နဂါးမင်းသားအဏ္ဏကို သွားရောက်ရှာဖွေရမည်မို့ ယုဂန်ကို အိပ်ရာကနှိုးရမည်။
အရုဏ ယုဂန်၏ လည်တိုင်အနောက်နားကို ခပ်ဖွဖွနမ်းလိုက်သည်။
" အချစ်လေး ထ,တော့။ မောင်တို့ စောစောသွားရမယ်"
ယုဂန် မနိုးသေးသည်မို့ ယုဂန်၏လည်တိုင်အနောက်ကို နှာခေါင်းထိပ်ဖြင့် ထပ်မံပွတ်သပ်လိုက်သည်။ ထိုအခါ ယားယံလာသည်မို့ ယုဂန်ကိုယ်လေး လူးလူးလွန့်လွန့်ဖြစ်လာသည်။
" နည်းနည်းလောက် ထပ်အိပ်ချင်တယ်"
ယုဂန်ထံမှ တိုးညင်းပြီး ဗလုံးဗထွေးဖြစ်သော အသံလေးထွက်ပေါ်လာသည်။ ယုဂန်ဟာ အအိပ်ကြိုက်သူမို့ အိပ်ရာကနိုးပါက အချိန်ဆွဲနေပြီး တအောင့်ကြာမှ ထ,တတ်သူဖြစ်သည်။
" ခဏပဲရမယ်နော်။ မောင် ခဏနေရင်လာနှိုးမယ်"
အရုဏ ယုဂန်ကိုအုပ်မိုးလျက် ပါးအိအိကို တစ်ချက်နမ်းရှုပ်လိုက်သည်။
ထို့နောက် အိပ်ရာပေါ်မှ ထလိုက်ပြီး ယုဂန်ဘေးတွင် ဝူးဝူးဝါးဝါးလုပ်နေသော သမီးကို ချီပိုး၍ မျက်နှာသစ်ပြင်ဆင်ပေးရန် ခေါ်ဆောင်သွားသည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...