Unicode
သီတင်းကျွတ်ပွဲတော်
_______________________တမာပင်မြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော်ကို လပြည့်ည၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
လမ်းတစ်လျှောက် ဆီမီးများ၊ မီးအိမ်များ၊ ဖယောင်းတိုင်များ ဝါဝါညီးအောင် ထိန်လင်းနေသလို လူအများဟာလည်း ပွဲဈေးတန်းတစ်လျှောက်ဝယ် မုန့်ပဲသရေစာဝယ်ယူရင်း၊ လျှောက်ပတ်ကြည့်ရှုရင်း အုန်းအုန်းကျက်၊ ခြိမ့်ခြိမ့်ညံ စည်ကားနေလေသည်။
တစ်ပါးသောအရပ်ကို ရောက်ရှိနေသည့် ရေဝတီသည် နဂိုကတည်းက ပွဲပျော်တတ်သောဉာဉ်ကလေး ပါ,ရလေရာ ပွဲတော်မှ လူအများ၏ ပျော်ရွှင်တက်ကြွနေသော အသံကိုကြားရသော်၊ ပွဲတော်၏ ထိန်ညီးသောမီးအရောင်ကို တွေ့မြင်ရသော် သူမ၏ဧည့်သည်နေအိမ်တွင် ကြာကြာမနေနိုင်တော့ချေ။
သူမ သင့်တင့်ကောင်းမွန်သော အဝတ်အစားတို့ကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး ကျစ်ဆံမြီးကိုလည်း သေသေသပ်သပ်ထုံးကျစ်လိုက်သည်။ ထို့နောက် ပွဲဈေးသို့ သွားရန် နေအိမ်မှ ထွက်ခွာလာသည်။
သူမကို မင်းသားအရုဏက လွတ်လပ်စွာသွားလာခွင့်ပေးထားသည်မို့ ရေဝတီလည်း လူအများ ပျော်ရွှင်နေသည့် ပွဲဈေးထဲ တိုးဝင်လာပြီး လူအုပ်ကြီးနှင့်အတူ ရောနှောသွားလေသည်။
သူမသည် စပ်စပ်စုစုလည်း ရှိသူဖြစ်သောကြောင့် လူပြည့်ရောက်ခိုက် လူတို့၏ယဉ်ကျေးမှုအစုံစုံကို ကြည့်ရှုသွားမည်ဟု တေးထားသူလည်းဖြစ်သည်။
သို့ပါ၍ ပွဲဈေးထဲသို့ရောက်သော် ရေဝတီမှာ တောထဲမှ ကျားတစ်ကောင် မင်းနေပြည်တော်ကို ရောက်ချလာသလို အရာရာတိုင်းကို အထူးတဆန်းဖြစ်၍ လိုက်ကြည့်နေမိသည်။
သူမ အဓိကကြည့်မိသည်မှာ မုန့်များဖြစ်သည်။ ဒုတိယကြည့်မိသည်က ဘုစုခရုပစ္စည်းလေးများဖြစ်သည်။ ဘုစုခရုထဲတွင် ချိုးရုပ်ပါသည်၊ ကလေးများဆော့သော အိုးပုတ်ကလေးများပါသည်။ ထို့နောက် အဝတ်အထည်များ ရောင်းချသည်ကိုလည်း တွေ့ရသည်။
နဂါးပြည်ပြန်လျှင် လူ့ပြည်မှ အမှတ်တရဖြစ်အောင် မှုတ်လိုက်လျှင် အသံထွက်သည့် ချိုးရုပ်ကလေးတစ်ရုပ်တော့ ဝယ်သွားဦးမည်ဟု သူမတွေးသည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...