Unicode
တိုက်ပွဲစတင်ခြင်း
______________
ယနေ့ အရုဏ မလန်းဆန်းပေ။
မနက်ခင်းစတင်ခါစရှိသေးသည့်တိုင် သူ၏ဦးနှောက်က သူ့ကို အိပ်ချင်နေသည်ဟူ၍သာ အစဉ်မပြတ်သတင်းပေးလျက်ရှိသည်။
မနေ့ညက သူတစ်နာရီမျှသာ အိပ်စက်ခဲ့ရသည်။ မအိပ်ရခြင်းအကြောင်းမှာကား အခြားမဟုတ်။ သူ၏ တစ်ဦးတည်းသော ကိုယ်ပွားသေးသေးလေး ဣန္ဒီကြောင့်သာလေတည်း။
သူနှင့်ယုဂန် တမာပင်မြို့သို့ပြန်ရောက်ပြီးနောက် သမီးတော်လေးအတွက် ပြင်ဆင်ထားသောနို့ထိန်းတော်များ၊ အထိန်းတော်များအားလုံး ကလေးဘေးနားတွင် ဝိုင်းဝန်းစောင့်ရှောက်ကြသည်။ စံအိမ်တော်တွင် ကလေးအတွက် သီးသန့်အခန်းတစ်ခန်းရှိကာ အထိန်းတော်များက ထိုအခန်းမှာပင် ကလေးလိုအပ်ချိန် အသင့်ရှိနေအောင် အိပ်စက်ကြရသည်။
သို့ရာတွင် ယုဂန်မှာ ကလေး၏မိဘတစ်ဦးအနေနှင့် ကလေး၏အချိန်တော်တော်များများကို သူနှင့်အတူ ကုန်ဆုံးစေချင်ကြောင်း၊ ကလေးကို မခွဲနိုင်ကြောင်း၊ အခန်းခွဲအိပ်ရလျှင် စိုးရိမ်သောကြောင့် အိပ်ပျော်မည်မဟုတ်ကြောင်း စသောဆင်ခြေမျိုးစုံပေးပြီး ကလေးပုခက်ကို သူတို့အခန်းထဲ ထည့်ထားခဲ့သည်။
ကလေးပုခက်က လင်မယားအခန်းထဲရောက်နေသည်မို့၊ လင်မယားမှာလည်းသာမန်မဟုတ်၊ မင်းသားနှင့်အမတ်မင်း ဖြစ်နေသည်တမုံ့။
သို့ပါ၍ ကလေး၏အထိန်းတော်တစ်သိုက်မှာ ညဘက်ကြီး အခန်းထဲဝင်မရသောကြောင့် ကလေးကို မချော့မြူနိုင်ဘဲ ရှိနေသည်။
ပြဿနာက ထိုကစသည်။
ကလေးက ဘာရယ်ကြောင့်မှန်းမသိ။ ညညမှ ထထငိုသည်။ ကလေးငယ်လေး နေ့ညမှားခြင်းဟာ သာမန်ဖြစ်သည်ဟူ၍တော့ အထိန်းတော်များက ဆိုကြသည်။ မကြာခင်ထိုအကျင့်ပျောက်သွားမည်ဟု ပြောကြသော်လည်း ကလေးငိုသောကြောင့် အရုဏမအိပ်ရသည်မှာ နှစ်ည၊ သုံးညရှိနေပေပြီ။
ယုဂန်က တော်ရုံနှင့်မနိုး။ တစ်ခါတလေ တစ်ညလုံးတောင် မနိုးတတ်ပေ။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...