Sexual content alert! read at your own risk
Unicode
ပြတင်းပေါက်
_______________________
လေတစ်ချက်အခတ်တွင် မွှေးပျံ့သော ယင်းမာရနံ့က နှာဖျားဝဆီ လှိုက်ခနဲ လှိုက်ခနဲ တိုးဝှေ့လာသည်။
ယုဂန်ဟာ မိမိတစ်ကိုယ်လုံးပြုတ်ကျနိုင်လောက်သည့် ကျယ်ဝန်းလှသော ပြတင်းပေါက်ဘောင်ကို လက်ထောက်ရင်း မိမိရှေ့တည့်တည့်ရှိ ယင်းမာပင်ကြီးမှ အကိုင်းအခတ်တို့ကို အမှုမဲ့စွာ ငေးဆွေးကြည့်နေမိသည်။
ညဘက်အချိန်မို့ ယင်းမာပင်မှ အရွက်တို့ဟာ စိမ်းစိမ်းစိုစိုမရှိ။ ထိုအစား မှောင်မိုက်ကျသော သစ်ရိပ်သစ်ခက်များနှင့် အရွက်တို့၏တရှဲရှဲမြည်သံကိုသာ ကြားရသည်။ ထို့အပြင် ပြတင်းပေါက်ကို အရွက်စိတ်စိတ်၊ အကိုင်းအလျှိုလျှိုတို့က ကွယ်နေလေရာ အပြင်ဘက်မြင်ကွင်းကို သေချာစွာမမြင်ရပေ။ သို့တိုင် သစ်ရွက်တို့၏ဟိုကြားဒီကြား လွပ်လပ်သည့်နေရာများတွင်တော့ စံအိမ်ခြံဝန်းအဝင်ဝကို လှမ်းမြင်နိုင်ကာ ခြံဝတွင် မီးတုတ်များနှင့် ရပ်စောင့်နေသည့် လုံခြုံရေးစစ်သည်များကို တွေ့ရသည်။
ထိုစစ်သည်များမှာ ရာဓဇတိုင်းစစ်သည်များဖြစ်၏။ သူတို့ရောက်ရှိနေသောနေရာမှာတော့ မင်းသားမင်းသိဒ္ဓာတ်၏ဩဇာခံ ရာဓဇတိုင်းအတွင်းမှမြို့စားတစ်ဦး၏ စံအိမ်တော်ဖြစ်သည်။
သူနှင့်မောင်သည် မိမိတို့၏ကတိတာဝန်အရ ရာဓဇတိုင်းဘက်သို့ ထွက်ခွာလာခဲ့ကာ လုပ်ကြံပေးရမည့် အတိုင်ပင်ခံအမတ်ကြီး၏မိဘမဲ့ကျောင်းဆီသို့ သွားရောက်ရမည်ဖြစ်သည်။ သို့ရာတွင် အဆိုပါမိဘမဲ့ကျောင်းသည် ဝေးလံလှလေရာ သူတို့အနေနှင့် ယခုစံအိမ်တော်တွင် တစ်ညတာနားခိုပြီး မနက်ကျမှ လိုရာခရီး ရှေ့ဆက်ရမည်ဖြစ်သည်။
တည်းခိုသော စံအိမ်တော်ပိုင်ရှင်မြို့စားမင်းသည် မင်းသားမင်းသိဒ္ဓာတ်၏အမိန့်ကို ရရှိထားပြီးဖြစ်သည့်အပြင် မင်းသားအရုဏကိုလည်း ကြည်ညိုရင်းစွဲရှိသည့်အတွက် ဘုရင်တစ်ပါးနှယ် ခမ်းနားတင့်တယ်စွာကြိုဆိုခဲ့သည်။ နေရေးထိုင်ရေးအတွက်လည်း စံအိမ်တော်ရှိ အကောင်းဆုံးနှင့် အကျယ်ဆုံးအခန်းအား ပေးခဲ့သလို စားကောင်းသောက်ဖွယ်များနှင့်လည်း တည်ခင်းဧည့်ခံခဲ့သည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...