Trigger Warning !!
This Chapter contains blood, violence and war.
Read at your own risk.Unicode
ပြိုလဲခြင်း
_________________ခြံဝင်းထဲသို့ ဝင်,ဝင်လာချင်းတွင် အိမ်တံစက်မြိတ်အောက်ရှိ လှေကားပေါ်၌ ငုပ်တုပ်လေးထိုင်နေသော ယုဂန်နိုင်ကိုတွေ့ရသည်။
ယုဂန်သည် ဒူးနှစ်ဖက်ကိုပိုက်လျက် ကိုယ်ကိုသေးသေးလေးဖြစ်အောင် ကျုံ့ယုံ့ထိုင်နေသည်။ ပိုးဖဲကြိုးနှင့် ချည်နှောင်ထားသည့်တိုင် သေချာစွာမဖြီးမသင်ထားသော သူ၏ဆံပင်များက သူ၏မျက်နှာနုနုကလေးဘေးတွင် ကပိုကရိုဖြာစင်းကျနေသည်။
သူသည် မိကျောင်းပုံစံကောက်ကြောင်းပြုထားသော ကနုတ်ဂဇာထွင်းအပ်သည့် လှေကားလက်ရန်းကို ခေါင်းမှီထား၏။ သူ၏ရှည်လျားသောမျက်တောင်ကလေးများ ပိတ်ကျ၍နေလေရာ မနက်ခင်းနေရောင်ခြည်ကြောင့် မျက်တောင်ကလေးများအောက်တွင် အရိပ်ဖျောဖျောကျလျက်ရှိသည်။
ယုဂန်သည် အိပ်ပျော်နေသည်ထင်ရသော်လည်း သေချာကြည့်ပါက တွန့်ချိုးချင်သယောင်ဖြစ်နေသော မျက်ခုံးနှစ်ဖက်သည်လည်းကောင်း၊ အစွန်းလေးနှစ်ဖက် အောက်သို့ ညွတ်ယောင်ယောင်ဖြစ်နေသော နှုတ်ခမ်းဖူးဖူးလေးသည်လည်းကောင်း အိပ်မောမကျသေးဘဲ ပူပင်သောကအချို့ကို အတွေးထဲသိမ်းဆည်းထားသည့်အကြောင်း ပြသနေသည်။
အရုဏသည် ယုဂန်၏အရှေ့သို့ ညင်သာသောခြေလှမ်းများနှင့်သွား၏။ သူ ယုဂန်အရှေ့တွင် မုဆိုးထိုင်,ထိုင်ချလိုက်ကာ ယုဂန်၏ပါးပြင်ပေါ် အိကျနေသော ဆံချည်မျှင်များကို နူးညံ့စွာသပ်တင်လိုက်သည်။
" ယုဂန်"
သူ တိုးညှင်းစွာခေါ်သည်။
ယုဂန်၏ မျက်ခွံမို့မို့လေးများလှုပ်ရွလာပြီး သူ နက်မှောင်တောက်ပသော မျက်ဝန်းများကို ခပ်မြန်မြန်ဖွင့်လာသည်။
အရုဏကို မြင်သည်နှင့် ထိုမျက်ဝန်းများက ဝိုင်းစက်ရွှန်းလဲ့သွားသည်။
" မောင် အဆင်ပြေရဲ့လား။ တစ်ခုခုထိခိုက်မိသေးလား"
စိုးရိမ်တကြီးဖြစ်နေသောအသံကလေးနှင့်အတူ အရုဏ၏ခြောက်သွေ့နေသောပါးပြင်နှစ်ဖက်အပေါ် အေးစက်စက်ပျော့တော့တော့ လက်ဖဝါးကလေးနှစ်ဖက်က လာရောက်ထိတွေ့သည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...