"အားကျန့်...ဘာလို့ အိမ်ကသွားကြိုတဲ့သူနဲ့ မလိုက်ခဲ့ရတာလဲ...ဟိုက ဘယ်လောက်စိတ်ပူပြီး ပြာယာခတ်သွားလဲ သိလား..."
အိမ်ထဲသို့ရောက်လာသည်နှင့် အမေးခံလိုက်ရသည့် သူ့အဖေ၏ မေးခွန်းကို အားကျန့် ပြန်မဖြေဘဲ အားလုံးကို တွန်းတိုက်ကာ သူ့အိပ်ခန်းဆီသို့ပြေးသွား၏။ အားကျန့်၏ ရဲတွတ်နေသော မျက်နှာအသွင်အပြင်နဲ့ မစိုမခြောက် မျက်ရည်စီးကြောင်းတွေကို ရှောင်းဟွမ်တွေ့လိုက်ရတာကြောင့်...
"အားကျန့် ဘာဖြစ်လာတာလဲ..."
မေးပြီးတော့ အားကျန့် အနောက်သို့လိုက်သွားသော်လည်း အားကျန့်က အခန်းတံခါးကို ဆွဲပိတ်ပြီး အခန်းထဲက ရှိရှိသမျှ စားပွဲခုံတွေ အသုံးဆောင်ပစ္စည်းတွေဖြင့် အိပ်ခန်း အဝင်ကို ကာရံလိုက်သည်။ ထို့နောက် အသေအချာ ခေါက်ထားသော အိပ်ရာကို ခင်းလိုက်ပြီး အထူဆုံး စောင်တစ်ခုကို ရွေးယူကာ ခေါင်းမှခြေအဆုံး တစ်ကိုယ်လုံးဖုံးပြီး ခွေခွေလေး နေလိုက်တော့သည်။
စောင်ခြုံအောက်မှာ တစ်ကိုယ်လုံးတုန်နေကာ လက်သည်းထိပ်လေးတွေကို သွားနဲ့ကိုက်ဖဲ့နေသည်မှာလည်း ပဲ့ကြွေလုမတတ်ပင်။
"အားကျန့်..."
"အားကျန့်..."
အားကျန့်၏ တုံ့ပြန်မှုကို ရှောင်းဟွမ်စောင့်မနေတော့ဘဲ တံခါးကို ဆွဲဖွင့် ဝင်လာစဉ် ကာရံတားဆီးထားသည့် အသုံးအဆောင်ပစ္စည်းများနှင့်အတူ စောင်ခြုံထဲမှာ ခွေနေသည့် အားကျန့်ကိုတွေ့တာကြောင့် အမြန်ပြေးဝင်သွားပြီး...
"အားကျန့် ဘာဖြစ်လာတာလဲ ပါပါးကိုပြော..."
"အားကျန့် ဘယ်သူအနိုင်ကျင့်လိုက်လို့လဲ...ကျောင်းကလူတွေလား..."
အားကျန့်က ပြန်မဖြေတာကြောင့် ရှောင်းဟွမ် စောင်ကိုခွာလိုက်သည့် အချိန်တွင်အားကျန့် ခြေသလုံးမှ အရှိုးရာလေးများကိုတွေ့၏။ထိုတွင် ရှောင်းဟွမ်၏ စိတ်ထဲထင်လိုက်သည်က သူ့သားဖြစ်သူက ဆရာ့ဆီက အရိုက်ခံလာရတာကြောင့် သူထပ်ဆူမည်စိုး၍ ကြိုတင် ကြောက်ချင်ယောင်ဆောင်ထားသည်ဟု တွေးလိုက်ခြင်းဖြစ်သည်။