"ဘာလို့အရမ်းအော်တာလဲ...အားကျန့်မကြောက်တတ်ပါဘူး..."
မကြောက်ဘူးပြောနေသည့် အားကျန့်တစ်ယောက် သူ့ရှေ့သို့ တဖြည်းဖြည်း နီးကပ်လာသည့်လူကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေမိသည်။ မျက်နှာတည်နေလွန်းသောလူက သူ့ကို ဖြတ်ရိုက်တော့မည့်ပုံပေါက်နေတာကြောင့် အားကျန့်မျက်လုံးများမှိတ်ချလိုက်သည့်အခါ ထိုသူက သူ့ကို ကျော်၍ သွားလေသည်။
အားကျန့်မျက်လုံးများ ပြန်ဖွင့်ကြည့်လိုက်တော့ခုနကသူကြည့်နေသည့် ဓားမြောင်လေးသာမက ဓားမြောင်လေးထည့်ထားသည့်မှန်အိမ်လေးက သယ်မခြင်းခံနေရတာဖြစ်သည်။ သူ့ကို မကိုင်စေချင်လို့ သွားသိမ်းဖို့လုပ်နေသည့်သူကို အားကျန့်ကြည့်ပြီး...
"စိတ်ပုတ်လိုက်တာနော်...ခဏလေးပဲကြည့်တာကို..."
တိုးတိုးလေးလှမ်းပြောလိုက်သည့် ထိုစကားလေးကိုမှန်အိမ်ကိုင်ပြီးအိမ်တွင်းတစ်နေရာသို့ သွားဖို့လုပ်နေသည့် ဝမ်ရိပေါ် တစ်ယောက် ကြားဖြစ်အောင်ကြားလိုက်ပါသေးသည်။ နှုတ်ခမ်းထောင့်များကော့ညွတ်မိလိုက်သည်မှာ သိသိသာသာ။
"အားကျန့်..."
ဝမ်ရိပေါ်ကို အားကျန့် ငေးကြည့်နေရင်း သူ့အနားသို့ ရှင်းမင်ပြန်ရောက်လာ၏။ လက်ထဲမှာလည်း သူငှားလိုက်သည့် စာအုပ်လေးကို ယူလာတာဖြစ်သည်။
"အားကျန့် ငါပြောစရာရှိလို့..."
"အင်း ပြောလေ..."
"ငါ စာကူးတာ မပြီးသေးလို့ အဲ့တာ ခဏလောက်ထိုင်စောင့်ပေးပါလား...မြန်မြန်လေး ကူးမယ်လေ ခဏလေးပဲ ရလား..."
"အင်း ရတယ် လာ လာ...အားကျန့်တို့ ဟိုအရှေ့က စားပွဲခုံကြီးပေါ်မှာ ပျော်ပျော်ပါးပါးစာသွားလုပ်ကြတာပေါ့..."
အားကျန့်တစ်ယောက် သူ့အိမ်မဟုတ်သော်ငြား ကိုယ်တိုင်စီမံခန့်ခွဲကာ ရှင်းမင်၏ လက်ကိုဆွဲ၍ ဧည့်ခန်းအလယ်ဗဟိုက ဆိုဖာတွေဝန်းရံထားသည့် စားပွဲဆီသို့ ဦးတည်သွားနေသည်။ ထိုစဉ်ရှင်းမင်၏ အဖေဖြစ်သူက ရောက်လာပြီး သူ့သားကို သတိပေးသည်။
"ရှင်းမင် ဒီမှာမနေနဲ့လေ သူငယ်ချင်းကိုခေါ်ပြီးတစ်နေရာရာမှာ သွားလုပ်...တော်ကြာ ဝမ်သခင်လေး အနှောင့်အယှက်ဖြစ်နေဦးမယ်..."