A Sorrowful Past (Unicode)

1.4K 167 10
                                    

ကြမ်းတမ်းလွန်းတဲ့ တောတောင်လမ်းတစ်လျှောက် လုပ်သားများဖြင့် ကုန်သွယ်ခရီးသွားနေရင်း သည်းကြီးမည်းကြီးထပ်ကြပ်မကွာလိုက်လာသည့် မြင်းခွာသံတို့ကြောင့် ရှောင်းဟွမ် အနောက်သို့လှည့်ကြည့်လိုက်တော့ လီရန်ကိုတွေ့​၏။ အရေးကြီးကိစ္စမဟုတ်ရင် လီရန်က လိုက်လာစရာအကြောင်းမရှိဘူးဆိုတာ ရှောင်းဟွမ် အတပ်သိသည်။

"လီရန်ဘာဖြစ်လို့လဲ..."

လီရန် ရင်ထဲစို့နင့်နေတာကြောင့် တော်တော်နဲ့ ပြောမထွက်လာ။ အထူးသဖြင့် အားကျန့်​၏ သတင်းကို ရှောင်းလူကြီးမင်းကို မပြောထွက်ရက်တာ။ဘာစကားမှမပြောသေးဘဲ မျက်ရည်တွေပဲ ဆက်တိုက်ကျနေတဲ့ လီရန်ကို ကြည့်ပြီး ရှောင်းဟွမ် စိုးရိမ်စိတ်တွေဝင်လာသည်။

"ဘာဖြစ်လို့လဲ လီရန်...မကောင်းတာ တစ်ခုခုဖြစ်လို့လား..."

လီရန့်နှုတ်ကထွက်လာသည့် စကားတွေကို ရှောင်းဟွမ်လက်မခံနိုင်စွာ ခေါင်းကိုတွင်တွင်ခါရင်း ခြောက်ကပ်ကပ်ရယ်သည်။ ထို့နောက် မြင်းခေါင်းကို အိမ်ပြန်လမ်းဘက် ချက်ချင်းလှည့်ကာ တစ်ရက်ကျော်လောက်ကြာမည့် ခရီးကို ကြားထဲမှာ တစ်ချက်မှ မနားဘဲ တရှိန်ထိုး မောင်းနှင်လာခဲ့သည်။

လမ်းတစ်ဝက် အကျော်မှာ မြင်းကအမောဖောက်ပြီးဆက်မပြေးနိုင်တော့သည့်အခါ ခြေကျင်အတိုင်းပင် သားဇောဖြင့် ခြေထောက်များပေါက်ပြဲစုတ်ပြတ်သည်အထိ ခရီးဆက်လို့လာခဲ့သည်။

ရှောင်းအိမ်တော်ဝန်းထဲ အလုပ်သမားတွေ စုစုရုံးရုံးဖြစ်နေသည့်အလယ်ကို ရှောင်းဟွမ်တိုးဝှေ့ဝင်လာပြီး တွေ့လိုက်ရသည့် ခန္ဓာကိုယ်လေးရှေ့တွင် ဒူးထောက်ပြီးထိုင်လိုက်သည်။ ရုပ်လေးတွေ ပျက်ယွင်းစပြုလာပြီဖြစ်သော်လည်း သူ့မှာတော့ ကြွေရုပ်လေးကို ကိုင်ရသလို မထိရက်မကိုင်ရက်။ ရင်ခွင်ထဲဆွဲပွေ့ပြီး နမ်းရှုံ့နေမိတာ အကြိမ်တစ်ရာမက။

သူ့သားလေးကို ဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲဆိုပြီး ရှောင်းဟွမ် မတွေးအား။ဒီခန္ဓာကိုယ်လေးပြာလေးတွေ အဖြစ်သို့မပြောင်းသွားသေးခင်အချိန်ထိအနားကနေ တစ်ဖဝါးမှမခွာ ရင်ခွင်ထဲပွေ့ထားပေးလို့နေသည်။

သူ့လက်နဲ့ပဲ မီးညှိခဲ့ရတဲ့ ထင်းပုံလေးတွေအလယ်မှာ ကျန်ရစ်ခဲ့သည့် ပြာမှုန်လေးတွေကို သူ့လက်နဲ့ပဲကိုယ်တိုင် အိုးအဖြူလေးထဲထည့်ပေးခဲ့ရသည်။ ပြာအိုးအဖြူလေးဘယ်ကရလဲဆိုတော့ သူခရီးမသွားခင်ညတုန်းက သူ့သားလေး ဖွထားခဲ့သည့် အိုးလေးတွေထဲကတစ်ခု။

လက်ထဲမှာ မီးတုတ်ကို ကိုင်ဆွဲလာခဲ့သည့် ရှောင်းဟွမ်ဟာ သူ့သားလေးကျောချခဲ့သည့် ကြယ်ပန်းခင်းတွေကို အငြိုးကြီးစွာ မီးပုံရှို့သည်။ ကျောင်းတော်က ပို့လိုက်တဲ့ တိုင်စာလေးတွေကိုလည်း မီးပုံရှို့သည်။

ဝတ်ခဲ့ဖူးတဲ့ ဝတ်ရုံလေးတွေကိုတော့ မီးမရှို့နိုင်။ ညတိုင်းထွေးပွေ့ပြီး လက်လေးပေါ်တင်အိပ်သည်။ ဝတ်ရုံလေးရဲ့ ကျောပြင်နေရာကို ပုတ်ပေးရင်း ချော့သိပ်တတ်သေး​၏။ တီတီတာတာစကားတွေကို ကြားယောင်ရင်း မျက်ရည်တွေလည်း ကျတတ်သေး​၏။

မကြာပါဘူး။

တစ်ဦးတည်းသော သားလေးအတွက် ကျနေခဲ့တဲ့ မျက်ရည်တွေက အဆုံးသတ်သွားခဲ့သည်။

အတူတူရှိနေခဲ့စဉ်က စီးပွားရေးတစ်ဖက်နဲ့အချိန်တွေအများကြီးမပေးခဲ့နိုင်တာကို ပြန်တွေးယောင်ရင်း အပြစ်စိတ်တွေဝင်လာမိတဲ့ ရှောင်းဟွမ်ဟာ သူ့သားလေး ရောက်နေရာဘဝမှာ အတူတူရှိနေပေးဖို့ ဆုံးဖြတ်ခဲ့သည်။

နောက်တစ်နေ့ ယွင်နိုင်ငံရဲ့ မြို့တော်မှာ ဟိုးလေးတစ်ကြော်ဖြစ်သွားပြီး မြို့တော်သူမြို့တော်သားတွေ အတော်ကို စိတ်မကောင်းဖြစ်ကြရသည်။

တစ်မြို့လုံးချစ်ခင်ရတဲ့ ကုန်သည်ကြီးရှောင်းဟွမ်​ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့သည် ဆိုသည့်သတင်းတစ်ပုဒ်ကြောင့်ပေါ့။
____________ ___________

အိမ်ကြီး​၏ အပေါ်ဆုံးထပ်မှနေ ထွန်းတောက်နေသည့်လမင်းကြီး ဝမ်ရိပေါ် မော့ကြည့်လို့နေသည်။

ရှောင်းလူကြီးမင်း​၏ အားကျန့်ကို အဆုံးအရှုံးမခံနိုင်သည့် ပုံရိပ်တို့က တစ်ချိန်က ရှောင်းကုန်သည်ကြီး​၏ ပုံရိပ်တွေကို ပြန်လည်ထင်ဟပ်စေခဲ့သည်။

ထိုကြေကွဲစရာ အတိတ်ရဲ့ အပြစ်ကြွေးတွေကို သူဘယ်လိုကျေအောင်ပြန်ဆပ်ရမှာလဲ။

The Greatest BloodsuckerWhere stories live. Discover now