အပိုင်း(၁၆) Unicode

1.6K 188 7
                                    

နေမင်းကြီး ဟာ ကမ္ဘာကြီးရဲ့ အနောက်ယွန်းယွန်းဆီပုန်းကွယ်သွားသည့်အခါ ကောင်းကင်ယံထက်မှာ လ​၏ပုံရိပ်သည် ရေးတေးတေးပေါ်လို့လာ​၏။

မှောင်မိုက်စပြုလာသော်လည်း ကောင်းကင်တစ်ခုလုံးက ကြည်လင်နေကာ လပြည့်နေ့မှာ အစွမ်းကုန် ထွန်းတောက်မယ့် လမင်းကြီးအတွက် တိမ်မြူတွေကတောင် ကြိုရှောင်ပေးထားသယောင်။

ဝမ်ရိပေါ် မိမိကို အရိုအသေပေးနှုတ်ဆက်နေသည့် ရှင်းရာကို အသိအမှတ်ပြုလိုက်ကာ အိမ်တော်ထဲမှ မြင်းကို ကိုယ်တိုင်ဆွဲထုတ်၍ မြို့ပြင်တစ်နေရာဆီသို့ဦးတည်လာခဲ့သည်။ ဝမ်ရိပေါ် မြင်းခေါင်းလှည့်လာရာ နေရာမှာ သူ့လို ဖြစ်တည်မှုမျိုးနဲ့ လားလားမှ မသက်ဆိုင်သည့် နေရာတစ်ခုဖြစ်​၏။

သူရောက်လိုသည့် နေရာရောက်လာသည့် အခါ ဝမ်ရိပေါ် မြင်းပေါ်က ဆင်းလိုက်ပြီး ထိုနေရာအရှေ့တွင် တံခါးလာဖွင့်ပေးမည့်သူကို မတ်တပ်ရပ်စောင့်လို့နေ​သည်။ သစ်သားတံခါးနှစ်ချပ်ဟာ ပွင့်ဟသွားသည့်အခါ ဝမ်ရိပေါ် အတွင်းသို့ ဝင်မသွားဘဲ အပြင်ဘက်ကနေ ပြီး သူ​၏ လက်နှစ်ဖက်ကို စုလိုက်ကာ မျက်လုံးများမှိတ်ပြီး ဆုတောင်းဟန်ပြုသည်။

အရှေ့က ဘုရားကျောင်းထဲက နတ်မင်းကြီး ရုပ်ထုရှိရာသို့ မှန်းဆ၍ ဆုတောင်းနေသည့် ဝမ်ရိပေါ်​၏ ဆုတောင်းများတွင် သူ့အတွက်တစ်ခုမှမပါ။တစ်စုံတစ်ယောက်အတွက်သာ ပုံအောပြီးတောင်းပေးသော ဆုသည် တစ်ခုတည်းသာဖြစ်​၏။

"ဒီကလေးက ကျွန်ုပ်ထက်ပိုကောင်းတဲ့လူတွေနဲ့ တွေ့ဆုံနိုင်သေးတာကြောင့် နောင်ဘဝတွေမှာ ပြန်ဆုံပါရစေလို့ လောဘကြီးစွာ ဆုမတောင်းလိုပါ..."

"ဒီကလေး နာကျင်နေတဲ့ အချိန်တွေဆိုရင် အငိုတိတ်အောင် နှစ်သိမ့်ပေးမယ့် ရင်ခွင်တစ်ခုကို ပေးသနားပေးပါ...အချိန်ပြည့်ပျော်အောင်လုပ်ပေးနိုင်တဲ့သူမဟုတ်ရင်တောင် မျက်ရည်တစ်စက်မကျအောင်လုပ်ပေးနိုင်တဲ့လူမျိုးနဲ့ ဆုံတွေ့ဖို့ အကြောင်းဖန်ပေးပါ..."

"ဒီကလေး က ပေါက်ကရလေးတွေပြောပြီး ပျော်ပျော်နေတတ်တယ်...တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သေးတယ်...စိတ်ထဲမှာ ဘာမှ ကွယ်ဝှက်မထားဘဲ ရယ်ချင်ရင်လည်း ရယ်လိုက်တယ်...ငိုချင်လည်း ငိုလိုက်မှာပဲ..."

The Greatest BloodsuckerWhere stories live. Discover now