အပိုင်း(၂၁) Unicode

1.8K 180 16
                                    

အချိန်က မွန်းလွဲချိန် ၂ နာရီ တိတိ။

အပြင်မှာ နေလုံးကြီးက ရဲရဲတောက်ပြီး လောကတစ်ခွင်လုံးထွန်းလင်းနေသော်လည်း ဟိုတယ်ဝန်းတစ်ခုထဲက ဘန်ဂလိုလေးတစ်လုံးကတော့ ပိန်းပိန်းပိတ်လုနီးနီး မှောင်နေ​၏။ ပြတင်းတံခါးများဖွင့်ထားခြင်းမရှိသလို ရှိသမျှ လိုက်ကာများကိုလည်း နေရောင်တစ်ပြောက်တောင်မမြင်ရသည်အထိ ပိတ်ထားတာဖြစ်သည်။

ဝမ်ရိပေါ် တစ်ယောက် စားသောက်စားပွဲထက်တွင် ပြင်ဆင်ထားသည့် အရာများကို အသေအချာ စီစီရီရီလုပ်လိုက်ပြီးနောက် စားပွဲ အလယ်ရှိ ဖယောင်းတိုင်မီးများကို ကြိုတင်ထွန်းညှိထားလိုက်သည်။ ကြယ်ပန်းလေးတွေ ထိုးစိုက်ထားသည့် ပန်းအိုးလေးကလည်း မပါမဖြစ်။

​လေအေးပေးစက်အရှိန်ဖြင့် ချမ်းစိမ့်စိမ့်ဖြစ်နေသည့် ဘန်ဂလိုလေးအတွင်းတွင် ဖယောင်းတိုင်မီးမှိန်မှိန်တို့​၏ အရောင်က တစ်မျိုးတစ်မည်သော ခံစားချက်တို့ကိုပေးစွမ်းသည်။ ရင်ခုန်ခြင်းဆိုတာထက် ရင်ထဲတသိမ့်သိမ့်ဖြစ်နေသည့် ခံစားချက်မျိုး။

မွန်းလွဲချိန်မှာ ဟိုဟာလေး တောင်းဆိုလို့ မဖြစ်ဖြစ်အောင် ဖန်တီးထားသည့် Date Night တစ်ခုဟာ သူ့အတွက်လည်း ပထမဦးဆုံးပါပဲ။

ဝမ်ရိပေါ် သူကိုယ်တိုင် စိတ်တိုင်းကျပြင်ပြီးသည့်နောက် မှာထားသော ဝိုင်ပုလင်းကို ယူကာ ဘန်ဂလိုတွင်ပါရှိပြီးသားဖြစ်သော မီးဖိုချောင်ငယ်လေးဆီသို့သွား၍ ဝိုင်ပုလင်းထဲက ဝိုင်တွေကို ဘေစင်ထဲသို့ သွန်လိုက်​၏။ ထို့နောက် ပုလင်းကို ရေသန့်ဖြင့် အသေအချာပြန်ကျင်းကာ သူကြိုတင်စီစဉ်ထားပြီးသည့် ဝိုင်နဲ့အရောင်တူ ကလေးတွေသောက်လို့ရသည့် အချိုရည်အပျော့စားကို ပြန်ထည့်လိုက်သည်။

ထိုအရာတွေကို ဝမ်ရိပေါ် ခပ်သွက်သွက်လုပ်နေရခြင်းဖြစ်သည်။ ဒါတွေကို ရေချိုးခန်းထဲရောက်နေသည့် အားကျန့်မြင်သွားလို့မဖြစ်။ အားကျန့်က "ရုပ်ရှင်ထဲကလို ဝိုင်ခွက်လေးတွေကိုင်ပြီး ဝိုင်သောက်ချင်တယ်" တကဲကဲလုပ်နေခဲ့တာကြောင့် စိတ်ချမ်းသာအောင် မျက်စိရှေ့မှာ ဟန်ပြမှာခဲ့ပေးထားခြင်းဖြစ်​၏။ ဒါ့ကြောင့် ရေချိုးခန်းထဲရောက်နေတုန်း ရှိသမျှ ဝိုင်တွေကို အချိုရည်နဲ့ အစားထိုးပြီး လက်ရာမပျက် ဖော့ဆို့အဖုံးလေးဖြင့် ပြန်ပိတ်ထားခြင်းဖြစ်သည်။

The Greatest BloodsuckerWhere stories live. Discover now