စာသင်ဆောင်ထဲတွင် ဆရာ မလာခင် စပ်ကြား ကျောင်းသူကျောင်းသားများ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေကြသည်။ အကြောင်းကား အားကျန့်က သူ့ခါးကြားထဲက ဓားမြောင်လေးကို ကိုင်မြှောက်၍ အကုန်လုံးကို ပတ်ကြွားနေခြင်းဖြစ်သည်။
ဓားမြောင်လေးက အလွန်လှပ သေသပ်ပြီး အရောင် တလက်လက်ဖြစ်နေတာကြောင့် ယောကျာ်းလေးတွေရော မိန်းကလေးတွေရော စိတ်ဝင်စားနေကြတာဖြစ်သည်။ပြီးတော့ နောက်ထပ်တစ်ခုက စာသင် ဆောင်ထဲအန္တရာယ်ဖြစ်စေမယ့် လက်နက်တွေ အချွန်တွေ မယူလာစေဖို့ တားမြစ်ထားတာဖြစ်ပြီး အခုလို အားကျန့်က ယူလာသည့်အခါ အားလုံးက ခိုးကြောင်ခိုးဝှက် ကြည့်နေကြခြင်းဖြစ်သည်။
"အဲ့တာ ဘယ်ကရတာလဲ အားကျန့်..."
စာသင်ဖော်တစ်ယောက်ကမေးလိုက်လျှင်ပဲ အားကျန့်က ဂုဏ်ယူစွာပြုံး၍...
"အားယာယားလေး ပေးထားတာ..."
"ဘယ်က အားယာယားလေးလဲ..."
"ဘယ်ကပဲ ဖြစ်ဖြစ်ပေါ့..."
"အဲ့လောက် တန်ဖိုးကြီးတာကို ဘာလို့ပေးတာလဲ..."
အားကျန့်တစ်ယောက် စာသင်ဖော်တွေမေးတာကိုမဖြေဘဲ ဘာလိုလို ညာလိုလို အထင်ခံရအောင် မြုံစိစိလုပ်နေသည်။ ထိုအခါ သွက်သွက်လက်လက်နဲ့ အထာပေါက်သည့် တစ်ယောက်က...
"ချစ်သက်လက်ဆောင် ရထားတာလား..."
"အင်း..."
ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ၊ အားကျန့်တစ်ယောက် အင်းလို့သာဖြေလိုက်၏။ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ပေးထားတာဆိုတာ စိုးရိမ်လို့။ စိုးရိမ်လို့ဆိုတာ ဂရုစိုက်လို့။ ဂရုစိုက်လို့ဆိုတာ ဟင်း..ဟင်း။
အားကျန့်တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်ကာ ပြုံးနေရင်းသူ့လက်ထဲမှ ဓားမြောင်လေးက တခြားသော ကျောင်းသားတစ်ယောက်ဆီမှဆွဲလုခြင်းခံလိုက်ရ၏။ သို့သော်လည်း အားကျန့်က အစကတည်းက ကျစ်နေအောင် ဆုပ်ကိုင်ထားတာကြောင့် တစ်ဖက်လူရဲ့ လက်ထဲကို ရောက်မသွား။ အားကျန့်က သူ့ဓားလေးကို လုယူဖို့ကြံလိုက်သည့် သူကိုကြည့်ပြီး အသံစူးစူးလေးဖြင့်...