"အားကျန့်..."
"အားကျန့်..."
"အားကျန့် ပါပါးကို တံခါးဖွင့်ပေးဦး..."
"အားကျန့်..."
"ဒုန်း ဒုန်း ဒုန်း..."
ရှောင်းဟွမ် အပြင်ဘက်က ခတ်ထားသည့် သော့ကို ဖွင့်ပေးလိုက်သည့် တိုင် အထဲက တံခါးက မပွင့်လာသေးတာကြောင့် အဆက်မပြတ် ခေါက်ရင်း အားကျန့်၏ နာမည်ကို ဆက်တိုက်ခေါ်နေသည်။
"အားကျန့် အိပ်နေတုန်းလား...မနက်စာ လာစားလေ..."
ငါးမိနစ်တိုင်အောင် ထူးခြားမှု မရှိလာတာကြောင့် ရှောင်းဟွမ်၏ စိတ်ထဲတွင် မသိုးမသန့်ဖြစ်လာကာ စတိုခန်းထဲက တူတစ်လက်ကို သွားယူ၍ တံခါး သော့ကိုရိုက်ချလိုက်သည်။
တံခါးကိုတွန်းကန်ကာ အခန်းထဲရောက်သွားသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းက ရှောင်းဟွမ်၏ မျက်လုံးတွေကို ပြာဝေသွားစေ၏။
"အားကျန့်..."
ကုတင်ဘေးမှာ ခွေခွေလေးကျနေသည့် အားကျန့်ဆီသို့ ရှောင်းဟွမ် ပြေးသွားကာ ရင်ခွင်ထဲပွေ့လိုက်သည်။
အားကျန့်၏ တစ်ဖက်လက်တွင် ထောက်စူးချွန်လေးကို ကိုင်ထားတာဖြစ်ပြီး တခြားသောလက်တွင်မူ လက်ကောက်ဝတ်နှင့် လက်ဖျံတစ်လျှောက် အစင်းရာ အခြစ်ရာတွေပြည့်နှက်နေတာဖြစ်၏။ ထိုအစင်းရာတွေဆီမှ သွေးတွေလည်း တစ်စက်စက်ကျနေပြီး အနာတွေကလည်း ရောင်လို့နေ၏။
အနာအရှိန်ကြောင့် အားကျန့်၏ တစ်ကိုယ်လုံးမှာ ပူကျစ်တောက်နေတာဖြစ်ပြီး မျက်လုံးလေးများပိတ်ကျကာသတိလစ်နေဟန်တူသည်။
"အားကျန့်...အားကျန့်...ပါပါးခေါ်နေတယ်လေ...အားကျန့်..."
ပါးလေးနှစ်ဖက်ကို လှုပ်ပြီးနှိုးလည်း အသက်ညင်းညင်းလေးရှူနေတာက လွဲလို့ ပြန်တုံ့ပြန်လာခြင်းမရှိသည့်အခါ ရှောင်းဟွမ် အားကျန့်၏ ကိုယ်လေးကို ကောက်ပွေ့ရင်း အိမ်ပြင်သို့ချီလာကာ အပြင်ဘက်က ကားပေါ်သို့တင်၍ အနီးဆုံးဆေးရုံရှိရာသို့ အမြန်မောင်းနှင်လာခဲ့သည်။
ဆေးရုံမရောက်ခင် ကားမောင်းနေသည့် တစ်လျှောက်လုံး ရှိရှိသမျှ ရသမျှ ဆုတောင်းစာ ပေါင်းစုံကို ရှောင်းဟွမ် ရွတ်ဆိုလို့သွား၏။ လမ်းစည်းကမ်းတွေကိုလည်း တောက်လျှောက် ဖောက်ဖျက်လာခဲ့သည်။