"ဒါ ဝမ်ရိပေါ်ရဲ့ အိမ်လားဟင်..."
"အင်း..."
လူနေအိမ်တချို့နဲ့ အတော်ဝေးကွာနေသည့် နေရာတွင် တသီးတသန့်လိုဖြစ်နေသည့် အိမ်တော်ကြီးကြောင့် အားကျန့်မေးလိုက်ခြင်းဖြစ်၏။ အိမ်ဝန်းထဲသို့ဝင်လိုက်သည်နှင့် ချမ်းစိမ့်စိမ့်ခံစားလိုက်ရပေမယ့် ဝမ်ရိပေါ်၏ လက်ကို ကိုင်ဆွဲထားသည့် အားကျန့်အဖို့တော့ နွေးထွေးနေလွန်းလှသည်။
စူးစမ်းလွန်းတတ်သည့် အားကျန့်က အိမ်ထဲဟိုကြည့် ဒီကြည့်လုပ်ရင်း...
"ဝမ်ရိပေါ် အလုပ်သမားတွေရော မရှိဘူးလား..."
"ကိုယ်နဲ့ ကိုယ့်လူယုံ ရှင်းရာ နှစ်ယောက်ပဲရှိတယ်..."
"ဘာဖြစ်လို့လဲဟင်...အားကျန့်တို့ အိမ်မှာဆို အလုပ်သမားတွေ အများကြီးပဲ..."
"ကိုယ်က အိမ်မှာသိပ်မရှိဖြစ်လို့ပါ...အလုပ်သမားတွေ အများကြီးထားရင် ဖြုန်းတီးသလိုဖြစ်မှာစိုးလို့..."
"ဝမ်ရိပေါ်က တော်လိုက်တာ...ရှောင်းကုန်သည်ကြီးကိုလည်း ဝမ်ရိပေါ်ဆီကလေ့လာခိုင်းပြီး အလုပ်သမားတွေ လျှော့ခိုင်းရမယ်..."
"မတူဘူးလေ အားကျန့်ပါပါးက ကုန်သွယ်လုပ်ငန်းလုပ်တော့ အလုပ်သမားတွေ အများကြီးလိုတာပေါ့...အားကျန့် ဘယ်မှ မသွားဘဲ ဒီအိမ်ရှေ့မှာ ကိုယ့်ကို ခဏစောင့်နေနော်..."
"အင်း..."
အိမ်အတွင်းပိုင်းထဲသို့ ဝမ်ရိပေါ်ဝင်သွားသည်နှင့် အားကျန့် ထိုင်နေရာမှ ထလာပြီး အိမ်မျက်နှာစာတစ်ဝိုက် ဟိုကြည့် ဒီကြည့်လိုက်လုပ်သည်။ တန်ဖိုးကြီးသည့် ရုပ်ထုလေးတွေ တွေ့ရင်လည်း တအံ့တဩဖြင့်ကိုင်ကြည့်သည်။
ထုံးစံအတိုင်း ဟိုပြေးလိုက် ဒီပြေးလိုက်ဖြင့် တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေရင်း အိမ်အနောက်ဘက်မှ နွားမြည်တွန်သံလေးကြားမိလိုက်တာကြောင့် ခေါင်းလေးဆတ်ကနဲဖြစ်သွားသည်။ သို့သော် ထိုအသံက တစ်ချက်ပဲပေါ်လာပြီး ပျောက်သွားတာကြောင့် နောက်တစ်ခေါက် ထပ်ပေါ်လာမည့် အချိန်ကိုစောင့်နေ၏။
"ဟင်..."
နောက်ထပ်တစ်ခါ ပီပီသသကြားသည့်အခါ အားကျန့် အသံလာရာ ဘက်သို့ လျှောက်သွားဖို့ ပြင်လိုက်သည်။ ပထမဦးဆုံး အားကျန့် ရှာဖွေမိသည်က အိမ်ခြံဝန်းထဲတွင်ဖြစ်၏။ သို့သော် မတွေ့သည့်အခါ ဘေးပတ်ဝန်းကျင်ကိုလည်း ကြည့်သည်။ ဘယ်နေရာမှ ရှာမတွေ့သည့်အခါ အိမ်ဆောင်ထဲပြန်ဝင်လာကာ အိမ်နောက်ဘက်သို့ သွားရန်ပြင်လိုက်စဉ်...