"ဒုန်း...ဒုန်း...ဒုန်း..."
အားကျန့် ကျောင်းတော်ကပြန်လာသည့် လမ်းတွင် အိမ်ကို တန်းမပြန်ဘဲ သူ့ကို လာကြိုသည့်သူကိုပါတစ်ခါတည်းခေါ်လာ၍ ဝမ်အိမ်တော်၏ အိမ်ဝန်းတံခါးကို လက်သီးဖြင့်သွားထုသည်။ လက်လေးများရဲတွတ်လာသည် အထိ ထုနှက်နေရင်း အထဲမှ ရှင်းရာ တံခါးလာဖွင့်တာကြောင့်...
"ရှင်းရာ..."
"ဘာကူညီပေးရမလဲ ခင်ဗျ..."
"ဝမ်ရိပေါ် ပြန်မရောက်သေးဘူးလား..."
"ဟုတ်ကဲ့ သခင်လေးပြန်မရောက်သေးပါဘူး..."
"ခရီးထွက်သွားတာ ငါးရက်တောင်ရှိပြီလေ...ဘယ်သွားတာလဲဟင် အကြာကြီးပဲ..."
"ကျွန်တော်လည်း မပြောတတ်ပါဘူးဗျ..."
"ဘယ်တော့ ပြန်ရောက်မလဲဆိုတာရော သိလားဟင်..."
"ဒါလည်း ကျွန်တော်မသိပါဘူး ခင်ဗျ..."
အားကျန့် သက်ပြင်းလေးချလိုက်ကာ...
"အားကျန့်က အရမ်းလွမ်းနေပြီလေ...ဘယ်သူ့ဆီသွားတာလဲဆိုတာရော သိလားဟင်..."
"ဒါလည်း ကျွန်တော်မသိပါဘူး..."
အားကျန့်က ဟိုကြည့်ဒီကြည့်လုပ်ကာ သူနှင့်အတူပါလာသည့် အဖော်ကို မကြားစေချင်လိုသည့် ပုံမျိုးဖြင့် ရှင်းရာ အနီးသို့တိုးကပ်သွားသည်။ ပြီးနောက် လေသံလေးဖြင့်...
"ရှင်းရာ..."
"ဟုတ်ကဲ့ပြောပါ..."
"ဝမ်ရိပေါ်က မြင်းနဲ့သွားတာလား မိုးပေါ်ပျံသွားတာလားဟင်..."
အားကျန့်ပြောတော့ ရှင်းရာ သဘောကျစွာရယ်လိုက်သည်။
"မြင်းနဲ့ ထွက်သွားတာပါ..."
"အင်း ကောင်းပါတယ် အဲ့တာဆို မညောင်းတော့ဘူးပေါ့...အဲ့တာဆို အားကျန့်ပြန်တော့မယ်နော်...ဝမ်ရိပေါ်ပြန်ရောက်လာရင်လေ အားကျန့်ဆီ အရင်ဆုံးလာခဲ့ဖို့ပြောပေးပါနော်...အားကျန့်အရမ်းလွမ်းနေတဲ့အကြောင်းလေးတွေရယ်...နေ့တိုင်းလာရှာတယ်ဆိုတဲ့ အကြောင်းလေးတွေရယ်...အားကျန့်ဝမ်ရိပေါ်ကို သတိရလွန်းလို့ ကျောင်းမှာတောင် စာလိုက်မဆိုတော့ ဆရာရိုက်တာခံရတယ်ဆိုတဲ့ အကြောင်းလေးတွေရယ်ကို အားကျန့်ပြောတဲ့ ပုံလေးအတိုင်းပြန်ပြောပေးပါဦးနော်..."