[AN: Disturbing Scene Alert ! ]
ယွင်နိုင်ငံ၏ မြို့တော်နှင့် အလှမ်းဝေးသည့်နေရာတစ်ခုတွင် သစ်ပင်များ အုပ်အုပ်ဆိုင်းဆိုင်းဖြင့် အိမ်တော်တစ်ခုရှိသည်။ ထိုအိမ်တော်သည်ကား ဝမ်အိမ်တော်ဟု အမည်တပ်ထားသည့် အိမ်ဝန်းတစ်ခုပင်ဖြစ်သည်။ တခြားအိမ်တော်များနှင့်မတူသည်က ထိုအိမ်တော်တွင် အလုပ်အကျွေးပြုစုသည့် အလုပ်သ မားများမရှိ။ အိမ်တော်၏ သခင်လေးနှင့် သူ၏ လူယုံ နှစ်ဦးတည်းသာ ရှိခြင်းဖြစ်သည်။
အိမ်ဝန်းထဲဝင်လိုက်လျှင် အလွန်တရာမှ ခမ်းနားလှသော ပင်မအိမ်ဆောင်ကြီးကိုတွေ့နိုင်၏။ အိမ်ရှေ့မျက်နှာစာတွင်လည်း တန်ဖိုးကြီးအဆောင်အယောင်အပြင်အဆင်များရှိသည်။ ကြွယ်ဝမှုသည် ထိုအိမ်ဆောင်တွင် ထင်ဟပ်နေ၏။ သို့သော် ထိုအိမ်ဆောင်၏ အနောက်ဘက် လူတွေ မသိနိုင်သည့် နေရာတွင်မူ...
မနက် မိုးသောက်ရောင်နီပင်မထွက်သေး။ သားသတ်ကုန်းငယ်တစ်ခုလို ဖြစ်နေသည့်အိမ်အနောက်ဘက်တွင် နွားပျိုတစ်ကောင်သည် ထိတ်လန့်နေသည့် မျက်ဝန်းများ၊ တောင်းပန်တိုးလျှိုးသော အကြည့်များဖြင့် သူ့ကို သတ်မည့်သူအား ကြည့်လို့နေ၏။
သို့ပေမယ့်လည်း ပုဆိန်ကို ကိုင်ထားသည့် လူက ထိုအသနားခံအကြည့်များကို လျစ်လျူရှု၍ နွားပျို၏ လည်တိုင်ကို အားဖြင့် တစ်ချက်တည်းခုတ်လိုက်ပြီး ကျဆင်းလာသည့် လည်ချောင်းသွေးများကို ငွေဖလားတစ်ခုဖြင့် ခံထားလိုက်သည်။
ထိုအညှာအတာကင်းမဲ့သည့်မြင်ကွင်းကို တစ်စုံတစ်ဦးကလည်း သွေးအေးအေးဖြင့် ကြည့်လို့သာနေ၏။
"သခင်လေး...သုံးဆောင်ပါ..."
ရှင်းရာတစ်ယောက် သူသတ်လိုက်သည့် နွားပျိုထံမှ ရလာသည့် လည်ချောင်းသွေးကို ဝမ်ရိပေါ်ရှေ့သို့တရိုတသေ ကမ်းပေးလိုက်သည်။ ငွေဖလားထဲက စေးပျစ်ပျစ် အမဲသွေးတွေကို ဝမ်ရိပေါ် ကြည့်လိုက်ပြီး မျက်နှာတစ်ချက်မပျက်စွာ တစ်စက်မကျန်သောက် သုံးလိုက်၏။
သားသတ်စဉ် သူ့ကိုစင်သွားသော သွေးစတို့ကြောင့် ဝမ်ရိပေါ် ကိုယ်လက်သန့်စင် ဝတ်ရုံများကို လဲလှယ်လိုက်ပြီးဘာမှ မဖြစ်ခဲ့သလိုပုံမျိုးဖြင့် အိပ်ရာထက်တွင် ပြန်လှဲကာ အနားယူလိုက်သည်။