တစ်လကြာပြီးနောက်...
ရှောင်းအိမ်ဝန်းထဲမှာပဲပြုလုပ်သည့် လီရန်၏ မင်္ဂလာပွဲနေ့မှာ အားကျန့်တစ်ယောက် လည်ပင်းတဆန့်ဆန့်ဖြင့် ဝမ်ရိပေါ် အလာကို စောင့်လို့နေ၏။ လူကြီးတွေ၊ အလုပ်သမားတွေက အခမ်းအနားမစခင် ဧည့်သည်တွေကို ဧည့်ခံကြိုဆိုနေတာကြောင့် အားကျန့်ကို လှည့်မကြည့်ဖြစ်။
ဖိတ်ချင်သည့် မိတ်ဖိတ်လို့ရသည့်အခါ အားကျန့်လည်း ဝမ်ရိပေါ်ကို ဖိတ်ခဲ့တာဖြစ်၏။ အားကျန့်တစ်ခုတော့ကောင်းကောင်းသိသည်။ ဝမ်ရိပေါ်သာ ရှိနေရင် သူ့ဘေးမှာပဲနေပြီး သူ့ကိုပဲ ဂရုစိုက်မယ့်အကြောင်းတွေပေါ့။ ဘာလို့မှန်းမသိပေမယ့် ဝမ်ရိပေါ်သူ့အနားမှာရှိနေရင် အားကျန့်အလိုလိုပျော်နေတတ်သည်။
ဖွင့်ထားသည့် ခြံတံခါးမှ ဝမ်ရိပေါ်ဝင်လာသည့် အရိပ်အယောင်မြင်သည့်အခါ အားကျန့်ချက်ချင်းထပြေးသွားပြီး လက်မောင်းကိုသွားချိတ်လိုက်သည်။
"ဝမ်ရိပေါ် ဘာလို့နောက်ကျမှလာတာလဲ...ပွဲကစတော့မှာ...အားကျန့်စောင့်နေတာအကြာကြီး...သူများတွေက သူ့အဖော်နဲ့သူရှိတော့ အားကျန့်က သိမ်ငယ်နေတာ...ဝမ်ရိပေါ်ကို မြင်မှပဲ အားကျန့်မျက်နှာလေးကပြုံးသွားတာ..."
"ကိုယ်ဘာဝတ်ရမလဲစဉ်းစားနေလို့ ကြာသွားတာ..."
"စဉ်းစားစရာမလိုပါဘူး လက်နှီးစုတ်ပတ်ထားရင်တောင် ချောနေမှာပဲကို...လာပါ ဟိုဘက်သွားရအောင်..."
အားကျန့် က မင်္ဂလာစုံတွဲကို မမြင်ချင်ယောင်ဆောင်ကာ ဝမ်ရိပေါ်ကို တရွတ်တိုက်ဆွဲခေါ်ဖြတ်လျှောက်သွားသည့်အခါ သတို့သားဖြစ်သူလီရန်က အားကျန့်ကို ခါတိုင်းလို ပင် ပုခုံးလေးပုတ်ကာ လှမ်းနှုတ်ဆက်လိုက်သည်။ထိုအခါ အားကျန့်ကလီရန်ကို မျက်မှောင်ကျုံ့ကြည့်၍ မော်ချီသောမျက်နှာထားလေးဖြင့် ဝမ်ရိပေါ်ဘက်သို့ မေးဆတ်ပြလိုက်သည်။
"အံမယ် လာမထိစမ်းပါနဲ့ ကိုယ်ဟာကိုယ်နေစမ်းပါ...အားကျန့်မှာ အားယာယားလေး ဝမ်ရိပေါ်ရှိတယ်..."
ဝမ်ရိပေါ် ရယ်ချင်စိတ်ကို ချောင်းဟန့်ချင်ယောင်ဆောင်၍ ထိန်းလိုက်သည်။ သူ့ကို အသုံးချလိုက်သည်ကို သိသော်လည်း အပြစ်မမြင်မိ။ တွေ့သမျှလူတိုင်းကိုလည်းသူ့ကို အားကျန့်ရဲ့ အားယာယားလေးဆိုပြီးလိုက်မိတ်ဆက်ပေးလို့နေ၏။