"အားကျန့် ပါပါး မျက်စိနောက်တယ်ကွယ်..."
ညသန်းခေါင်လောက်ကမှ ခရီးကနေပြန်ရောက်လာတာကြောင့် မနက်စောစော အနားယူနေသည့်ရှောင်းဟွမ်က အိပ်ခန်းထဲကနေ အိမ်ရှေ့ကိုထွက်လာလိုက် အိပ်ခန်းထဲပြန်ဝင်သွားလိုက်လုပ်နေသည့် အားကျန့်ကို လှမ်းပြောလိုက်သည်။
အားကျန့်က ဝတ်ရုံလေးများကို တစ်ခုပြီး တစ်ခုထုတ်ဝတ်ကြည့်နေတာဖြစ်ပြီး မကြိုက်ရင် ဝတ်လက်စကြီးကို အိမ်ရှေ့တွင် ပစ် ပစ်ချခဲ့တာဖြစ်၏။
အခုလည်း ခရမ်းနုရောင် ဝတ်ရုံလေးကို ကြမ်းပြင်ပေါ် ပစ်ချပြီး အခန်းထဲပြေးဝင်သွားပြန်ကာ အဝါနုရောင်ဝတ်ရုံလေးဝတ်ပြီး ထွက်လာပြန်သည်။ ထို့နောက် တစ်ကိုယ်လုံးကို ပတ်ချာလှည့်လိုက်ကာ...
"ပါပါး...အားကျန့် ချောလား..."
"အဖေတူသားပဲ ချောတာပေါ့..."
"ဒီ အရောင်လေးနဲ့ လိုက်လားဟင်..."
"လိုက်တာပေါ့..."
"အင်း အဲ့တာဆို ဒါပဲဝတ်တော့မယ်..."
အားကျန့် သူဝတ်မည့် ဝတ်ရုံလေးကို အတည်ပြုပြီးနောက် သူဖွထားသည့် ဝတ်ရုံတွေကို အကုန်သိမ်းကျုံးပြန်သယ်သွားသည်။ ပြီးမှ အခန်းအတွင်းမှ ပြန်ထွက်လာကာ အိမ်ရှေ့ခန်းတွင် ငြိမ်ငြိမ်လေး ထိုင်နေသည်။ သူ့သားချက်ချင်းငြိမ်သွားတော့ ရှောင်းဟွမ် မနေနိုင်မထိုင်နိုင်ဖြင့်...
"ဝတ်ရုံလှလှလေး ဝတ်ပြီး ဘယ်သွားမလို့လဲ အားကျန့်...ပါပါးသတင်းတွေပြန်ကြားတယ်နော်...အခုရက်ပိုင်း ကျောင်းတော်က တိုင်စာတွေရောက်တယ်ဆို...စာသင်ချိန်တွေ လျှောက်သွားနေတာလား..."
"အင်းလေ...တဘက်ခါဆို စာမေးပွဲဖြေရမှာဆိုတော့ အားကျန့် က စာတွေလုပ်နေရင်း အတန်းသွားဖို့ မေ့သွားတာ..."
မဟုတ်တာတွေ ဖြေနေမှန်း ရှောင်းဟွမ်သိသော်လည်း သူ့နားရက်လေး အေးဆေးလေးနားချင်တာကြောင့် ဆက်မဆူတော့။
"ကဲ အဲ့တာဆို အခု ဘယ်သွားမလို့လဲ..."
"ချိန်းတွေ့မလို့..."
"ဘယ်သူနဲ့တုန်း..."
"ဝမ်ရိပေါ်နဲ့..."
"ဟေ..."