အရင်နေ့ရက်များလို နှစ်ယောက်သား လျှောက်နေကျနေရာလေးများတွင် လက်ချင်းတွဲ လျှောက်နေကြရင်း ရုတ်တရက်ကြီး ခြေလှမ်းများရပ်တန့်သွားသည့် ဝမ်ရိပေါ်ကြောင့် အားကျန့် လှည့်ကြည့်လိုက်သည်။
ဝမ်ရိပေါ်၏ မျက်နှာမှာ ဖြူဖတ်နေကာ နားထင်တွင်လည်း ချွေးများစို့နေတာဖြစ်သည်။ ထိုအခါ အားကျန့်က ပြာပြာသလဲဖြင့် ဝမ်ရိပေါ်၏ မျက်နှာကို လက်လေးနှစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ကာ...
"ဝမ်ရိပေါ် ဘာဖြစ်လို့လဲဟင်..."
ဝမ်ရိပေါ် ပျက်နေသည့် မျက်နှာကို အတတ်နိုင်ဆုံးထိန်းကာ ပြုံးပြလိုက်ပြီး...
"ကိုယ် ဘာမှ မဖြစ်ပါဘူး..."
"နေမကောင်းလို့လား...အိမ်ပြန်ကြမလားဟင်...အားကျန့် ချီမယ်လေ...လာ အားကျန့် ကျောပေါ်တက်..."
စိတ်ပူနေတဲ့ဟာလေးကို ဝမ်ရိပေါ်ကြည့်ပြီးရယ်လိုက်ကာ ခေါင်းကို အသာလေးပုတ်လိုက်သည်။
"ကိုယ့်ကို ဘယ်လို ချီမှာလဲ...အားကျန့် ဘယ်လိုလုပ်နိုင်မှာလဲ..."
"နိုင်တယ် အခုတလော အားကျန့်က အားကစားတွေလုပ်တယ်...ပါပါးဆီ စပါးတွေလာရောင်းတဲ့သူတွေကိုလည်း စပါးအိတ်တွေ ကူမပေးတယ်...အဲ့တာကြောင့်အခု အားကျန့်က ဝမ်ရိပေါ်ကို ကျောပိုးနိုင်ပြီ...လာပါ တက်ပါ..."
သူ့ကို ကျောပိုးဖို့ မြေကြီးမှာ ထိုင်ချလိုက်သည့် အားကျန့်ကို ဝမ်ရိပေါ် ကောက်ပွေ့ဖို့ပြင်လိုက်စဉ် ခန္ဓာကိုယ်မိုက်ကနဲဖြစ်သွား၏။ သို့သော်လည်း ဟန်ချက်ပြန်ထိန်း၍ ထပ်ကြိုးစားလိုက်သည့်အခါတွင်တော့ တစ်ကိုယ်လုံး မြေပြင်ပေါ်ယိုင်လဲကျသွားသည်။
"ဝမ်ရိပေါ်..."
"ဝမ်ရိပေါ်..."
"ဘာဖြစ်လို့လဲဟင် ဝမ်ရိပေါ်..."
မြေကြီးပေါ်လဲကျသွားသည့် ဝမ်ရိပေါ်ကို အားကျန့် လှုပ်ခေါ်ကာ နှိုးသည်။ ခန္ဓာကိုယ်တစ်ခုလုံး ချွေးတွေဖြင့် ရွှဲနစ်နေပြီး မျက်လုံးများ မှိတ်ကျနေသည့် ဝမ်ရိပေါ်က အားကျန့်၏ ခေါ်သံများကို ပြန်လည်ဖြေကြားနိုင်ခြင်းမရှိ။အားကျန့် တစ်ယောက်တည်း ဘာလုပ်ရမလဲ မသိသည့် အခါ ဝမ်ရိပေါ်ကို အသာထားခဲ့၍ လူသွားလူလာများသည့် ဘက်သို့ ပြေးသွားကာ အကူအညီ သွားတောင်း၏။