8.

3.4K 274 8
                                    

Unicode

စုရုံးပွဲပြီးသည့်နောက် ဦးရီးတော်များ၊ ကြင်ယာတော်များနှင့် မင်းသားငယ် မင်းသမီးငယ်များမှာ သက်ဆိုင်ရာနေရာအသီးသီးသို့ အလျှိုအလျှိုဖြင့် ထွက်ခွာသွားကြပြီဖြစ်တာမို့ ပင်မဆောင်ကြီး၏ ခန်းမထဲ၌ မယ်မယ်ကြီးနှင့် နန္ဒဒီကာတို့သာ ကျန်ခဲ့ရတော့သည်။

''ပိန်သွားလိုက်တာ မင်းသားငယ်ရယ် အစားရောကောင်းကောင်းစားရဲ့လား ဒီအဖွားတော်ကိုစိတ်မပူစေချင်ရင် ကောင်းကောင်းစားရမယ်နော် ''

တခြားလူတွေမရှိသည့်အခါတိုင်း တရင်းတနှီးပြောဆိုတတ်သော မယ်မယ်ကြီးသည် နန္ဒဒီကာ၏ မိဘများဆုံးပါးသွားပြီးသည့်နောက် နန္ဒဒီကာအား လိုလေသေးမရှိအောင်စောင့်ရှောက်ပေးခဲ့ကာ နွေးထွေးသောမျက်ဝန်းများဖြင့် နန္ဒဒီကာအား အရိပ်တကြည့်ကြည့်နှင့် အနားမှာနေပေးခဲ့သူဖြစ်သည်။

''ကျွန်ုပ်အဆင်ပြေပါတယ် မယ်မယ်ကြီးရယ် စိတ်မပူနဲ့နော် မယ်မယ်ကြီးသာ ကျန်းမာအောင်နေပြီး ကျွန်ုပ်တို့နဲ့ အကြာကြီးအတူနေသွားရမယ်နော် ''

နန္ဒဒီကာ၏ စကားကို သဘောကျသွားပုံရတဲ့ မယ်မယ်ကြီးဟာ အသံထွက်သည်အထိပင်ပြုံးရယ်လာတာမို့ ရာဇမာန်တွေပင်ပျောက်ရှ၍ ကြင်နာတတ်သော အဖွားတော်ပုံစံအတိုင်းပင်။

''ကျွန်ုပ်တစ်ခုလောက်တောင်းဆိုချင်လို့ မယ်မယ်ကြီး နားထောင်ပေးမလားဟင် ''

စိတ်ကြည်နေပုံရသော မယ်မယ်ကြီးကြောင့် နန္ဒဒီကာ အရဲစွန့်၍ တောင်းဆိုမိတော့ တအံ့တသြကြည့်လာတဲ့ မယ်မယ်ကြီးကြောင့် နန္ဒဒီကာ ပြောရမှာတောင် မျက်ခုံးခပ်လှုပ်လှုပ်ပင်။

နန္ဒဒီကာဘဝမှာ တောင်းဆိုတာမျိုးမရှိရလောက်အောင်အထိ မယ်မယ်ကြီးက အရာရာကို ကြိုတင်၍ ဖြည့်ဆည်းပေးခဲ့သူဖြစ်သည်။

ယခုလို နန္ဒဒီကာက တောင်းဆိုလာတော့ မယ်မယ်ကြီးအံ့သြနေမှာအသေအချာပင်ဖြစ်ပေမယ့် နန္ဒဒီကာသည်လည်း တစ်စုံတစ်ယောက်ကြောင့် မယ်မယ်ကြီးကိုတောင်းဆိုရဲလောက်အောင်အထိ သတ္တိရှိနေပြီဖြစ်သည်။

''မင်းသားငယ်က တောင်းဆိုစရာရှိတယ်ဆိုတော့ ထူးထူးဆန်းဆန်းပါလားကွဲ့........ဒီအဖွားတော်က မင်းသားငယ်ကိုယ်တိုင် လိုချင်တာကို တောင်းဆိုလာရလောက်အောင်အထိ ကြိုပြီးမဖြည့်ဆည်းပေးနိုင်လောက်အောင် ဝတ္တရားတွေ ပျက်ကွက်နေပြီထင်ပါရဲ့ကွယ် ''

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Место, где живут истории. Откройте их для себя