Extra 3 (Zawgyi)

741 19 0
                                    

ယာယီဆောက်လုပ်ထားသောရွက်ဖျင်တဲလေးထဲရှိ သစ်သားကုတင်လေးတစ်ခု၌ လောကကြီးနှင့်အဆက်အသွယ်ပြတ်ကာ လဲလျောင်းနေပါသောကောင်လေးအား တစိမ့်စိမ့်စိုက်ကြည့်နေပါသော ကောင်လေးတစ်ယောက်ကိုလည်း ကုတင်ဘေး၌ထိုင်နေသည်ကိုတွေ့နိုင်ပါသည်။

သွေးမရှိကာ ဖြူဖျော့နေပါသော ကိုကို့မျက်နှာလေးအား သျှင်းသန့်ဦး အကြည့်မလွှဲဘဲထိုင်ကြည့်နေသည်မှာ နာရီနှင့်ချီနေပြီဖြစ်သည်။

သူ့အရှေ့မှာ မေ့မြောနေတဲ့ကောင်လေးက ကိုကိုဆိုတာကို သူတကယ်မယုံနိုင်သေးဘူး။

ကိုကိုပြောသလို သူတို့တကယ်ပဲ အိပ်မက်များမက်နေသလားလို့ ကိုယ့်အသားကိုကိုယ်ဆွဲစိတ်ကြည့်ရတာလည်း အကြိမ်ကြိမ်ပါပဲ။

နဂိုသေးငယ်တဲ့ခန္ဓာကိုယ်လေးက ပင်ပန်းမှုဒဏ်ကြောင့် ပို၍ပင်သေးသေးကွေးကွေးလေးဖြစ်သွားရပြီး အအေးဒဏ်လွန်ကဲမှုကိုခံစားထားရဟန် နားရွက်နှင့် လက်ချောင်းခြေချောင်းလေးများ၌ နှင်းကိုက်ထားသည့်ဒဏ်ရာများ၊ ရေဓာတ်အလုံအလောက်မရထားသော အက်ကွဲကွဲနှုတ်ခမ်းသားများနှင့် ခြောက်သွေ့နေသောအသားအရည်ရှိနေတဲ့ကိုကိုဟာ သူ့ နဂိုပုံစံလေးနှင့် လွန်စွာမှကွဲလွဲနေပေမယ့် သျှင်းသန့်ဦးမျက်လုံးထဲမှာတော့ ချစ်စရာကောင်းနေဆဲဖြစ်သည်။

ဖိနပ်မရှိသည်လား ၊ စီးခွင့်မကြုံဘဲထွက်ပြေးခဲ့သည်လားမသိတဲ့ကိုကိုက ခြေဖဝါးလေးတွေမှာလဲ ပေါက်ပြဲနေကာ သွေးလေးတွေပင်စို့နေတာမို့ သျှင်းသန့်ဦးကိုယ်တိုင် ဆေးအဖွဲ့မှဆေးများတောင်း၍ ဆေးထည့်ပေးထားကာ အအေးဒဏ်ကြောင့် အေးနေသော ခြေထောက်လေးနှစ်ဖက်အား သူ့လက်ဖဝါးခပ်ကြီးကြီးဖြင့် ခပ်ဖွဖွဖိပွတ်ရင်း အနွေးဓာတ်ပေးနေမိသည်။

လွမ်းလိုက်ရတာ......ဒီကောင်လေးကိုဘယ်လောက်တောင်မှလွမ်းလိုက်ရသလဲ။

ထူးဆန်းလွန်းတဲ့ကံကြမ္မာကိုပဲကျေးဇူးတင်ရမလား.....ဒီနေရာကိုမသွား, သွားချင်အောင်အတင်းစေလွှတ်တဲ့ မွေးစားအဖေကိုပဲကျေးဇူးတင်ရမလားမသိပေမယ့် ဘာသာတရားမကိုင်းရှိုင်းတဲ့ကောင်က စိတ်ကူးပေါက်တိုင်း ဘုရားအဆူဆူမှာတောင်းခဲ့တဲ့ ဆုတောင်းလေးများသည် ပြည့်လာပြီထင်ပါရဲ့။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now