27.

1.9K 147 5
                                    

Unicode

အင်္ဂလိပ်ပြက္ခဒိန်တစ်ခု၏ နောက်ဆုံးနေ့ရက်ဖြစ်သော ဒီဇင်ဘာလ ၃၁ရက်နေ့ဖြစ်သည့် ဒီနေ့သည် သာမာန်နေ့ရက်များထက်ပင် ပို၍တိတ်ဆိတ်လွန်းနေခဲ့သည်။

တိုက်ဆိုင်သည်က ယနေ့သည် စနေနေ့ဖြစ်သော ကျောင်းပိတ်ရက်တစ်ရက်ဖြစ်တာမို့ ကျောင်းသား ကျောင်းသူများမရှိသော ဂျပ်ဆင်အိုကြီးနှင့် အဓိပတိလမ်းမကြီးသည် ပို၍ အထီးကျန်ဆန်နေသယောင်။

မျိုးချစ်ကျောင်းသားများ အများအပြားမွေးဖွာရာ ရာဇူးမြေမှကျောင်းသားများသည် နယ်ချဲ့တို့၏ နေ့ထူးနေ့မြတ်များနှင့်သက်ဆိုင်သောရက်များ၌ မည်သို့သောအပျော်အပါးမှ မလုပ်ကြရန် တိုးတိုးတိတ်တိတ်တိုင်ပင်ထားကြသည့်အလား ကျောင်းဝန်းတစ်ခုလုံး၌ ကျေးငှက်သံလေးများမှ လွဲ၍ အရာအားလုံးဟာ တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင်။

ရန်ကုန်မြို့၏ဆောင်းအတုသည်လည်း ဒီဇင်ဘာလ ၃၁ရက်နေ့မှာတော့ ဆောင်းအစစ်အား အယောင်ပြခေါ်ဆောင်လာသည့်အလား လေနုအေးများ ဝေ့ကာဝေ့ကာ တိုက်ခတ်နေရင်း ကမ္ဘာမြေပေါ်ရှိ သက်ရှိတို့အား အနွေးဓာတ်လိုအပ်လောက်အောင်အထိ ချမ်းစိမ့်မှုကိုဖြစ်စေသည်။

တောင်ငူဆောင်၏ ပထမထပ်ထောင့်စွန်းခန်းရှိ ရေမြုပ်မွေ့ရာထူထူခင်းထားသော တစ်ယောက်အိပ်ကုတင်ထက်၌တွင်တော့ ပိုးအနွေးထည်အားလွှမ်းခြုံထားပါသော အမျိုးသားတစ်ယောက်နှင့် ထိုအမျိုးသား၏ ပခုံးအား ခပ်လျော့လျော့မှီထားသော ချည်ထည်လက်ရှည်တစ်ထည်အား အပေါ်မှထပ်၍ဝတ်ဆင်ထားသော အမျိုးသားတို့သည် ချမ်းအေးမှုကြောင့် အညာစောင်ကြီးတစ်ထည်အား နှစ်ယောက်အတူလွှမ်းခြုံထားပြီး တစ်ယောက်ဆီ၏လက်၌လည်း စာအုပ်တစ်အုပ်ဆီအားကိုင်ထားကာ ငြိမ်သက်တိတ်ဆိတ်စွာရှိနေကြသည်။

သူ့ပခုံးအား ခပ်လျော့လျော့မှီကာ စာအုပ်ထဲသို့အာရုံနစ်ဝင်နေသော သက်လွင်၏ မျက်နှာနုနုကလေးအား မင်းချမ်းမွန်အပေါ်စီးမှ ငုံ့ကြည့်ရင်း ဖတ်နေသောစာအုပ်ထဲ၌ပင် အာရုံမစိုက်နိုင်ဘဲဖြစ်နေလေသည်။

တစ်ဖျက်ဖျက်ခတ်နေပါသော ကံ့ကော်သက်လွင်၏ ရှည်လျားကော့ညွတ်သော မျက်တောင်ဖျားများအား တစိမ့်စိမ့်ဖတ်ရှုခြင်းသည် စာအုပ်ပေါင်းတစ်ရာအားဖတ်ရှုခြင်းထက် ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းကြောင်း ယိမ်းထိုးကခုန်နေပါသော နှလုံးသားငယ်၏စည်းချက်များက သက်သေထူနေလေသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now