Extra 4 (Zawgyi)

754 20 0
                                    

ပြတင်းပေါက်မှဖြတ်ဝင်လာသော နေရောင်ခြည်ဖျဖျက ကံ့ကော်သက်လွင်၏ မျက်ခွံတည့်တည့်သို့ ကျရောက်လာတာမို့ နေပူရှိန်ဒဏ်အားမခံနိုင်တော့သော ကံ့ကော်သက်လွင်တစ်ယောက် နိုးသွားရပြီး မျက်ခုံးများပင်စုကျုံ့လိုက်ကာ လက်ဖဝါးဖြင့် မျက်နှာထက်သို့ကျရောက်နေသော နေရောင်ခြည်အား အလိုမကျစွာ ကာပစ်လိုက်သည်။

အတန်ကြာမျက်လုံးများဖိပိတ်ထားပြီးမှ ကျင့်သားရသွားသောမျက်လုံးများအား ခပ်ဖြေးဖြေးဖွင့်ရင်း အိပ်ချင်မူးတူးဖြင့် ကုတင်ထက်၌ ထထိုင်လိုက်သည်။

ပြတင်းပေါက်မှဖြတ်ဝင်လာသောနေအပူရှိန်က တစ်စထက်တစ်စပို၍ ပူနွေးလာတာမို့ ကံ့ကော်သက်လွင် မှေးချင်စိတ်ပင်မရှိတော့ဘဲ ပျင်းကြောတစ်ချက်ဆန့်ကာ အခုမှ ဘေးဘီဝဲယာသို့ လိုက်လံကြည့်ရှုလိုက်သည်။

ကံ့ကော်သက်လွင်ဘေးရှိ ကုတင်ပေါ်မှနေရာလွတ်ကတော့ အတော်ပင်အေးစက်နေပြီမို့ မောင်က သူ့ကိုမစောင့်ဘဲ အရင်အိပ်ရာထသွားပြန်ပြီမှန်းသိလိုက်သောကြောင့် ကံ့ကော်သက်လွင်အလိုမကျဖြစ်သွားရသည်။

သူ ညက အလုပ်ကိစ္စတစ်ခုကြောင့် အိပ်တာနောက်ကျသွားတာမို့ ဒီမနက်ကို နောက်ကျမှနိုးခြင်းဖြစ်သည်။

ဘယ်လိုပဲဆိုဆို အိပ်ရာနိုးတိုင်း မောင့်မျက်နှာမြင်ရမှတစ်နေ့လုံးပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်လုပ်နိုင်မှာပါလို့ ဒီလောက်ပြောထားရက်နဲ့ စကားနားမထောင်တဲ့မောင်က သက်လွင်ကိုမစောင့်ဘဲ အိပ်ယာထသွားပြန်ပြီဖြစ်သည်။

စိတ်အလိုမကျမှုတို့နှင့်အတူ အိပ်ရာမှထကာစဖြစ်သောကြောင့် ဟိုထောင်သည်ထောင်ဖြစ်နေသော ဆံပင်အုပ်အုပ်များအား တစ်ချက်ဆွဲဖွရင်း မျက်ခုံးများတွန့်ချိုးကာဖြင့် အခန်းထဲမှထွက်လာလိုက်သည်။

မောင်ကဝှီးချဲနှင့်သာ သွားလာနိုင်တာမို့ သက်လွင်နှင့်မောင်က အိမ်အောက်ထပ် လှေခါးဘေးရှိအခန်း၌ အတူနေကြခြင်းဖြစ်သည်။

အခန်းမှထွက်ထွက်ချင်း မြင်နေရသော အိမ်အောက်ထပ် ဧည့်ခန်း၌တော့ မည်သူ့အရိပ်အယောင်ကိုမျှမတွေ့ရပေမယ့် မီးဖိုချောင်ဘက်မှာတော့ စကားပြောသံများကြားနေရတာမို့ မနက်စာစားနေကြပြီမှန်းသိလိုက်ရသည်။

ကံ့ကော်သက်လွင်သာ ချစ်ပါလျှင် (Completed ) S1+ S2Where stories live. Discover now