တိမ်စိုင်ပေးခဲ့တဲ့ ဖုန်းနံပါတ်ကို ခရီးကပြန်ရောက်တော့ အံ့သူရိန်မင်းတစ်ယောက် အရဲစွန့်ပြီးတော့ ဖုန်းဆက်ကြည့်လိုက်သည်..။
အခုချိန်မှာ ဒဏ်ကြေးကိုလည်း ကြောက်စရာမလိုတော့ဘူးလေ..၊ အားလုံးက လွတ်လပ်သွားပြီကို..။
အံ့သူရိန်မင်းတစ်ယောက် ဖုန်းနံပါတ်ကို ရိုက်နှိပ်လိုက်ပြီး ဖုန်းခေါ်လိုက်တော့ ဖုန်းက ဝင်သွားသည်..။
"ဟယ်လို.."
ခနကြာတော့ ဖုန်းတစ်ဖက်တစ်ချက်မှ ဖုန်းကိုင်လာပြီး တိမ်စိုင့်အသံ ထွက်ပေါ်လာခဲ့သည်..။ လူမှားစရာ မရှိပါဘူး..၊ ဒီအသံကို လွမ်းနေခဲ့တာ..။
"တိမ်စိုင်..ငါပါ..သူရိန်.."
အံ့သူရိန်မင်းဘက်မှ စကားပြန်ပြောပြီးနောက် ဖုန်းတစ်ဖက်တစ်ချက်၌ တိတ်ဆိတ်သွားခဲ့သည်..။ တိမ်စိုင်အလုပ်များရှုပ်နေတာလား..။
"တိမ်စိုင်.."
တီ...
ဖုန်းချသွားလေသည်..။ ဘာစကားမှမပြောဘဲ ဖုန်းချ သွားသည်..။ အလုပ်မအားလို့လား..၊ ဒါမှမဟုတ် ငါမို့လို့ကို ဖုန်းချပစ်လိုက်တာလား..။
အံ့သူရိန်မင်းတစ်ယောက် နောက်တစ်ကြိမ် ထပ်ဆက်ဖို့ကိုပင် တွန့်ဆုတ်သွားခဲ့သည်..။
တိမ်စိုင့်ကို တကယ်ပဲ နားမလည်နိုင်တော့ချေ..၊ ဘာတွေ ကြောက်နေခဲ့တာလဲ..။ ဘာကြောင့်မို့ ခံစားချက်ကို ဖုံးကွယ်ချင်နေရတာလဲ..၊ တိမ်စိုင့် သူ့ကိုချစ်နေသေးတယ်ဆိုတာ သေချာသည်..။ ပါးစပ်ကသာ မုသားဆိုချင်ဆိုလိမ့်မယ်..၊ ဒါပေမဲ့ မျက်လုံးမှာတော့ အမှန်တရားက ထင်ဟပ်နေပြီးသားဖြစ်သည်..။
တိမ်စိုင်လည်း မျှော်လင့်နေသေးသည်..၊ နောက်တစ်ကြိမ် ဇာတ်လမ်းအသစ် ထပ်စဖို့အတွက်..။
"ဟုတ်တယ်..တိမ်စိုင် ငါ့ကို ဖုန်းချသွားစရာတော့ အကြောင်းမရှိပါဘူး..တခြားကိစ္စရှိလို့ဖြစ်မှာပါ.."
အံ့သူရိန်မင်းလည်း ကိုယ့်ဖာသာကိုယ် အကြောင်းပြချက်ပေးလိုက်ပြီး ဖုန်းထပ်မဆက်ဖြစ်တော့ချေ..၊ တစ်ခါတစ်လေလည်း..အလိုက်သိတတ်ရမှာပေါ့..။