၅နှစ်ခန့်ကြာပြီးနောက်..
အခုဆို အံ့သူရိန်မင်းတို့ Final Year Part (2) ရောက်ပြီဖြစ်သည် ။ Third Year ကစလို့ နောက်ဆုံးနှစ်အထိက သထုံလမ်းက ဆေး(၁) မှာ တက်ရသည့်အတွက် မနက်ရော ညနေရော YBS တိုးစီးပြီး ပြန်ရသည် ။
Third year လောက်တုန်းက တိမ်စိုင်တစ်ယောက် စာမလိုက်နိုင်သည့်အတွက် ကျူရှင်ယူလိုက်ရာကစလို့ တိမ်စိုင့်အတွက် နောက်ဘယ်တော့မှ ကျူရှင်မယူတော့အောင်ကို ကျွတ်သွားလေတော့သည် ။ ဘာလို့ကျွတ်သွားတာလဲလို့ မေးရင်တော့ ဘာမှမဖြစ်ပါဘူးဆိုပြီးတော့သာ စကားလွှဲလေသည် ။
ထို့ကြောင့် အဲ့ဒီနောက်ပိုင်း တိမ်စိုင်က စာကြည့်တိုက်ကို သာ အမြဲလာလေတော့သည် ၊ မသိတာကို စာကြည့်တိုက်ထဲ လှန်လှောရှာပြီးတော့ လေ့လာလေသည် ။ ဒါလည်း.. အလေ့အကျင့်ကောင်းတစ်ခုပါပဲ ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာတော့ တစ်ခုရှိသည် ။ အဲဒါက..။
_____
မြင့်မားလှသောစာအုပ်စင်နှစ်ခုကြား လူသွားလမ်းထဲ၌ ဘေးပတ်လည်တွင် ဖတ်လက်စဖွင့်လျက်သား စာအုပ်များဖြင့် ဝန်းရံထားကာ လွတ်လွတ်လပ်လပ်ထိုင်နေသည့် တိမ်စိုင့်ကို အံ့သူရိန်မင်းတစ်ယောက် ပြောမနိုင်တော့သည့်အကြည့်ဖြင့် ကြည့်နေရတော့သည်။
အခုဆိုရင် တိမ်စိုင်တစ်ယောက် အဲဒီနေရာမှာ ထိုင်နေတာ ၂နာရီကျော်သွားပြီဖြစ်သည် ။ ကျောင်းချိန်ပြီးသွားကတည်းက အဆောင်မပြန်သေးဘဲ စာကြည့်တိုက်ဝင်ဉီးမယ်ဆိုပြီး ပြောသည်က အခု၂နာရီကျော်သွားသည်အထိ တိမ်စိုင့်ပုံက ပြန်မည့်ပုံမပေါ်သေးချေ ။
"တိမ်စိုင်..မင်းမပြီးသေးဘူးလား.."
အံ့သူရိန်မင်း၏အမေးစကားကြောင့် တိမ်စိုင်တစ်ယောက် မျက်လုံးကိုပင့်ကာ ဘောက်ဆက်ဆက်အကြည့်ဖြင့်-
"ဟင့်အင်း..ငါအခုမှ ရှာတွေ့လို့..ခနလေးဖတ်ဉီးမယ်.."
တိမ်စိုင့်၏စကားကို ကြားလိုက်ရတော့ အံ့သူရိန်မင်းတစ်ယောက် မနိုင်တော့သည့်ပုံစံနှင့် ခေါင်းသာ ခပ်ဖွဖွခါလိုက်ပြီး သက်ပြင်းဆွဲတစ်ခုကို ခပ်ဖြည်းဖြည်းချလိုက်ရသည် ။