နွေဦးသော်တစ်ယောက် ကောင်လေးကို တွေ့ရန်အတွက် အင်းစိန်ထောင်ဆီသို့ လာခဲ့လိုက်သည် ။ ထောင်အတွင်း ဧည့်တွေ့နေရာ၌ စောင့်နေခဲ့ပြီး ခနကြာတော့ ကောင်လေးက ထွက်လာလေသည် ။ သူနဲ့ ကောင်လေးကြားမှာ မှန်အထူကြီးတစ်ချပ်က ကာရံထားသည် ။ ရောင်ခြည်လေးက သူနှင့်မလိုက်ဖက်သည့် ထောင်ဝတ်စုံကြီးကို ဝတ်ထား သည် ၊ မျက်နှာက သိသိသာသာ ချောင်ကျသွားသော် လည်း အကြည့်တို့ကတော့ လန်းဆန်းနေဆဲပင် ။
ကောင်လေးက နွေဦးသော်၏ မျက်နှာချင်းဆိုင် ထိုင်ခုံ၌ ဝင်ထိုင်လိုက်တော့ နွေဦးသော်က ဘေးတွင် ထားထားသည့် ကြိုးဖုန်းမှ ဖုန်းလက်ကိုင်ကို လှမ်းယူလိုက်ပြီး-
"ကောင်လေး..နေရတာ..အဆင်ပြေရဲ့လား.."
ဖုန်းလက်ကိုင်ကို ဆုပ်ကိုင်ကာ ပြောလိုက်တော့ ရောင် ခြည်ကလည်း တစ်ဖက်မှ ဖုန်းလက်ကိုင်ကို ဆုပ်ကိုင်ထား ရင်း -
"ဟုတ်ကဲ့..အဆင်ပြေပါတယ်.."
"အိပ်လို့ရော..ပျော်ရဲ့လား.."
နွေဦးသော် စိတ်လိုက်မာန်ပါ မေးခြင်းမဟုတ်ပါ ၊ လေသံခပ်အေးအေးလေးနှင့်သာ မေးလိုက်ခြင်းဖြစ်သည် ။ နွေဦးသော်ဘက်မှ ထိုမေးခွန်းမေးတော့ ကောင်လေးက ခပ်ဖွဖွသာ ပြုံးပြပြီး-
"တစ််ခါတစ်လေလည်း..အိပ်မပျော်တာတွေတော့ ရှိပါတယ်.."
"အင်း..ကိုယ့်ကိုယ်ကို နောင်တတရားတွေနဲ့တော့ မနှိပ် စက်နဲ့နော်..အရာအားလုံးက ကောင်းဖို့ဖြစ်လာပြီပဲ..အခု ဒီထဲကိုရောက်တာကိုလည်း..အကောင်းဘက်က တွေးပြီး.. ကိုယ့်ကိုယ်ကို ပြင်ဆင်နော်..စာအုပ်တွေ ဖတ်ချင်လား..ကိုယ်နောက်တစ်ခါယူလာခဲ့ပေးမယ်.."
"ဟုတ်ကဲ့..ဒီထဲမှာက အလုပ်ဝိုင်းလုပ်ရတာကလွဲရင် တခြားဘာမှလုပ်စရာ မရှိပါဘူး..ဦးနွေ ယူခဲ့ပေးပါ.. ကျွန်တော်လည်း အားနေတာပဲ.."
"အင်း အင်း..ကိုယ်ယူခဲ့ပေးမယ်..အချိန်ယူပြီးတော့..ဘဝကို ပြင်ဆင်ပါ..ထောင်ကျတယ်ဆိုတာ..ဘဝဆုံးသွားတာ မဟုတ်ဘူး ကောင်လေး..ကိုယ့်ရဲ့စိတ်ကို အချိန်ယူပြုပြင် ရမယ့်နေရာတစ်ခုလို့ မှတ်ယူပြီးတော့..အကောင်းဆုံး ဖြစ်အောင်နေ.."