Final year Part (2) ကို အသည်းအသန် ရုန်းပြီးနောက် တိမ်စိုင်ရော သူရိန်ရော စာမေးပွဲပြီးသွားကြပြီဖြစ်သည် ။ တချို့တွေက မေးချင်ကြမှာပေါ့ ၊ ဒီလောက် စာများတဲ့ဟာကို ရည်းစားက ထားအားသေစတာလားဆိုပြီးတော့လေ ။
တိမ်စိုင့်အတွက် အဲ့အဖြေကတော့ ကိုယ့်အပေါ်ပဲ မူတည်တယ်လို့ ဖြေပါရစေ ၊ ဘာလို့လဲ ဆိုတော့ တိမ်စိုင့်အနေနဲ့ ဆိုရင် ရည်းစားထားတယ်ဆိုပေမဲ့ LDRS မဟုတ်ဘူးလေ ။ အဲ့ဒီတော့ မလွမ်းရဘူး ၊ သူ့အကြောင်းတွေပဲ တွေးပြီး စာမလုပ်ဖြစ်တာတွေ ဘာတွေ မရှိဘူး ။ တစ်ခန်းတည်းအတူနေနေတာလည်း ဖြစ်တာကြောင့် မျက်နှာက မနက် မျက်လုံးနှစ်လုံးပွင့်ကနေ ည မျက်လုံးနှစ်လုံး ပိတ်တဲ့အထိကို မြင်နေရတယ်လေ ။ အဲ့တော့ လွမ်းစရာ ဆွေးစရာလည်းမလိုပင် ။ ပြီးတော့ နောက်ထပ်တစ်ခုက အကယ်၍ သာ စာမေးပွဲကျသွားရင် ကိုယ်ချစ်တဲ့သူနဲ့ ခွဲရတော့မှာလေ ၊ ကိုယ်က တစ်နှစ်နောက်ကျသွားပြီး အရာရာ နောက်ကျသွားတော့မှာ ၊ အဲ့ဒါကို ကြောက်လို့လည်း စာမေးပွဲမကျသွားအောင် နှစ်ယောက်လုံး ရုန်းနေရခြင်းဖြစ်သည် ။
အခုဆို စာမေးပွဲအားလုံးလည်း ပြီးသွားပြီဖြစ်သဖြင့် တိမ်စိုင်တို့ အဆောင်ဆီသို့ ပြန်လာခဲ့လိုက်ကြသည် ။
"တိမ်စိုင်..Trip သွားမယ့်ရက်က ဘယ်ရက်လဲ.."
"နောက်တစ်ပတ်အင်္ဂါလေ.."
"ဪ..ဒီနေ့က သောကြာနော်..ဒါဆို ကြားမှာ တစ်ပတ်တောင် ခြားသေးတာပေါ့.."
"အင်း..ဘာဖြစ်လို့လဲ.."
"ဘားအံပြန်မလို့လေ.."
"ဟင်..ပြန်တော့မလို့လား.."
"အင်းလေ..မပြန်ဘဲ ဒီအဆောင်မှာ ဘာလုပ်ရမှာလဲ.."
"အင်းပါ..အဲ့ဒါဆိုလည်းပြန်လေ.."
"ဟင့်အင်း..ငါတစ်ယောက်တည်း မပြန်ဘူးလေ..မင်းကို ပါ ဘားအံခေါ်သွားမှာ.."
"ဟမ်! ငါက ဘာကိစ္စလိုက်ရမှာလဲ..မလိုက်ပါဘူး.."
"မရဘူးလေ..လိုက်ခဲ့ပါ..မင်းဘားအံမရောက်ဖူးဘူးမဟုတ်လား.."
"မရောက်ဖူးတာတော့ ဟုတ်ပေမဲ့..ငါမလိုက်ချင်ပါဘူး.."
"ဘာလို့လဲ..ငါ့အမေတို့နဲ့ တွေ့မှာဆိုးလို့လား.."