ဉီးနွေ.."
ရောင်ခြည်တစ်ယောက် မှန်၏အခြားတစ်ဖက်၌ ထိုင်နေသည့် ဉီးနွေကို မှင်သက်စွာကြည့်ရင်း ခပ်တိုးတိုးခေါ်ကြည့်လိုက်တော့ ဉီးနွေက မော့ကြည့်လာလေသည် ။
၆နှစ်တောင်ပြည့်ခါနီးပြီးဆိုတော့ အားလုံးကလည်း ပြောင်းလဲသင့်သလောက် ပြောင်းလဲသွားသည်ထင်သည် ။ ဉီးနွေလည်း အခုဆို ၃၈ နှစ်နားနီးနေလောက်ပြီပေါ့ ၊ ပြီးတော့ အရင်က ပါဝါမျက်မှန်မတပ်ရပေမဲ့ အခုတော့ မျက် မှန်တပ်ထားရသည် ။ ဆံပင်က ညှပ်ထားတာ မကြာသေးလို့ထင်တယ် ၊ နားသယ်စက စိမ်းနေပြီး မျက်နှာက ဖြူဖက်ဖြူလျော်ဖြစ်နေသည် ။
"ဉီးနွေ..ဉီးနွေဟုတ်ပါတယ်နော်.."
ရောင်ခြည်တစ်ယောက် ထိုင်ခုံ၌ ကယောင်ကတမ်း ဝင်ထိုင်လိုက်မိပြီး ဉီးနွေကိုသာ ခပ်စေ့စေ့ စိုက်ကြည့်နေတော့ ဉီးနွေက ရောင်ခြည့်ကို မော့ကြည့်လာကာ -
"ကောင်လေး..နေကောင်းရဲ့လား.."
တည်ငြိမ်စွာဖြင့် ပြောနေသည့် ဉီးနွေက လွန်ခဲ့သော၆နှစ်ခန့်က မကြာခင်ပြန်လာပါ့မယ် ဆိုပြီး ခပ်လွယ်လွယ်ကတိပေးခဲ့သည့်သူ မဟုတ်သလိုပင် ။
နေကောင်းရဲ့လားတဲ့ ၊ ဉီးနွေ၏ ထိုအမေးကို ကြားတော့ ရောင်ခြည်တစ်ယောက် စိတ်ဆိုးမိသည် ။
"၆နှစ်တောင် ပြည့်တော့မယ်နော်..ဉီးနွေဉီးသော်..အခုမှ ဘာလာလုပ်တာလဲဗျ..အခုလောက်ဆို..ခင်များက ကျွန်တော့်ရှေ့နေ မဟုတ်လောက်တော့ဘူးလို့ ယူဆလို့ရပြီထင်တယ်နော်.. ကျွန်တော်တို့က..အဲ့လောက်ထိခင်မင်တဲ့သူတွေတော့ မဟုတ်လောက်ဘူးထင်ပါတယ်.."
ရောင်ခြည့်အတွက် မေ့နိုင်လုနီးပါး အသားကျနေတော့မှ ပြန်ပေါ်လာသည့် ဉီးနွေကြောင့် ရောင်ခြည် အခုချိန်မှာ ဉီးနွေကို မတွေ့ချင်တော့ပေ ။
"ကိုယ်..ကိုယ်နောက်ကျသွားတယ်ဆိုတာသိပေမဲ့.. တောင်းပန်ပါတယ်..ကိုယ် တကယ်တောင်းပန်ပါတယ်.."
"အကြောင်းပြချက်ပေးနိုင်မလား ဉီးနွေဉီးသော်..ဒီအတိုင်း အကြောင်းပြချက်မရှိဘဲ တောင်းပန်တာကို လက်ခံနိုင်ဖို့ကတော့ ကျွန်တော့်အတွက် မလွယ်ကူဘူးထင်တယ်.."