ကျွန်မ ငြင်းခဲ့ထိခဲ့တယ် ၊ ဒါပေမဲ့ ကျွန်မ သူတိုနှစ်ယောက်ကြားမှာ ဗီလိန်တော့ မဖြစ်ခဲ့ဘူးမဟုတ်လား ။ ကျွန်မ မသိခဲ့ဘူးလေ ၊ ကျွန်မ စိတ်ထဲ သူရိန်က လူလွတ်တစ်ယောက်လို့ပဲ သိထားမိခဲ့တာ ။ ပြီးတော့ ကျွန်မဘက်က စပြီး ချဥ်းကပ်တော့လည်း သူမငြင်းဆန်ခဲ့ဘူးလေ ။ အဲ့ဒီတော့ ကျွန်မက အခွင့်အရေးရပြီလို့ ထင်မိသွားတာပေါ့ ။
ဒါ ကျွန်မ အမှားမဟုတ်ဘူးထင်ပါတယ် ၊ သူတို့နှစ်ယောက်ကြား ကျွန်မက မသိဘဲ ဝင်ခဲ့မိသလိုများ ဖြစ်သွားလား ၊ သူတို့ကို ပြတ်ပါစေဆိုပြီး ကြားဝင်ခဲ့တာတော့ မဟုတ်ရပါဘူး ။
ကျွန်မနေရာကနေ ခနလောက်ပဲ ဖြစ်ဖြစ် ကိုယ်ချင်းစာကြည့်ပါ ၊ ကိုယ်သဘောကျမိတဲ့သူဆီကနေ အမှတ်ပိုရဖို့ အတွက် ကြိုးစားမိတာတော့ ကျွန်မအမှား မဟုတ်ဘူး ထင်ပါတယ် ။
နေကြာရိပ်တစ်ယောက် သူရိန့်ဆီမှ အငြင်းခံလိုက်ရပြီးနောက် ထိုအတွေးက သူ(မ)ကို လိပ်ပြာမသန့် ဖြစ်စေ သည် ။
"အို..ဘာအတွေးလွန်စရာရှိလဲ..ကိုယ့်ကိုသဘောမကျလို့ ငြင်းလိုက်တာပဲလေ..တခြားကိစ္စမရှိလောက်ပါဘူး.."
နေကြာရိပ်တစ်ယောက် ထိုအတွေးကို ခပ်မြန်မြန်ပင် ခေါင်းထဲမှ ထုတ်လိုက်ပြီး ငြင်းခံလိုက်ရလို့ ဝမ်းနည်းသည့်ခံစားချက်တို့ ပေါ်လာတိုင်း -
"ဘာမှစိတ်မကောင်းဖြစ်မနေစမ်းနဲ့ နေကြာရိပ်..နင် တခြားသူတစ်ယောက်ကို ခပ်မြန်မြန်စိတ်ပြောင်းသွားနိုင်မှာပါ..ကိုယ့်ကိုသဘောမကျတဲ့သူအတွက် အဲ့ဒီလောက်ကြီး မျှော်လင့်ချက်ထားစရာမလိုဘူး..ကိုယ်မှကိုယ်ဆိုပြီး ဖြစ်လာမယ့်လူနဲ့ မကြာခင်တွေ့မှာပါ..ဝမ်းနည်းမနေနဲ့.."
_____
Final Year Part (1) ဖွင့်တော့မည်ဖြစ်သဖြင့် သူရိန်တစ်ယောက် ရန်ကုန်သို့ ပြန်လာခဲ့လိုက်သည် ။ ကျောင်း ပိတ်ထားလို့ အားလုံးက ကိုယ်စီအိမ်ပြန်သွားကြသဖြင့် အဆောင်ရှေ့ စင်္ကြန်နေရာက ပုံမှန်ထက် ပိုပြီး ဖုန်တက်ရှုပ်ပွနေလေသည် ။
အံ့သူရိန်မင်းလည်း အဆောင်အခန်းဆီသို့ လျှောက်လာခဲ့ လိုက်ပြီး အခန်းရှေ့ရောက်တော့ တံခါးက သော့မခတ်ထားသဖြင့် သူရိန်တစ်ယောက် ခနတော့ ဒီအတိုင်းလေး ရပ်နေလိုက်သည် ။