"နင့်အဖေ သတင်း ဘာကြားသေးလဲ.."
အံ့သူရိန်မင်းသည် သူ၏အကြီးနှင့်အတူ အိမ်အရှေ့ ဝရံတာ၌ အတူထိုင်နေကြသည် ။ တိမ်စိုင်ကတော့ အခန်းထဲမှာ ဖုန်းသုံးနေသဖြင့် ကြီးမွန်က နှစ်ယောက်ရှိတုန်း မေးလာခြင်းဖြစ်သည် ။ သို့သော်လည်း ထိုမေးခွန်းကို မေးလာတိုင်း အံ့သူရိန်မင်းစိတ်ထဲ မွန်းကျပ်ရသည် ။ အမှန်အတိုင်းပြောလိုက်လည်း မဖြစ် ၊ ပြောလိုက်ရင် အရှေ့က ဖုံးကွယ်ထားသမျှအကုန်လုံး သဲထဲရေသွန်ဖြစ်သွားလိမ့် မည် ။ တကယ်တမ်းက အဖေက အိမ်ပေါ် ပြန်တက်လာတာ ကြာနေပြီလေ ၊ သို့သော်လည်း ကြီးမွန်က အခုထိ မသိသေးသဖြင့် ဖုန်းဆက်တိုင်း ထိုအကြောင်းကို အမြဲမေး သည် ။ မေးတိုင်းလည်း -
"သားလည်း မသိပါဘူး ကြီးရာ..ကိုယ်တွေက ငပဲ့ဖြစ်ထားပြီးသားဆိုတော့ ထပ်ပြီးအာရုံမနောက်ချင်တော့ဘူး..သူ့ဖာသာ လက်ခံချင် လက်ခံ ၊ လက်မခံချင်နေ.. သားလည်း အာရုံသိပ်မထားတော့ဘူး..ကိုယ်တွေက အမေ့ဘက်က နာလို့ ပြောလိုက်ပေမဲ့ အမေက အချိန်တန်ရင် ပြန်လက်ခံတာဆိုတော့..ထပ်ပြီးမပြောချင်တော့ဘူး.."
"အေးလေ..နင့်အမေကိုက တုံးတာ..ဒီလောက် ကိုယ့်အပေါ် စော်ကားတာလည်း မမှတ်ဘူး..သူ့လင်ကိုပဲ သူ တ,သသဖြစ်နေတာ.."
ကြီးမွန်၏ စကားကို မှားနေရင်တောင် မဆန့်ကျင်ရဲ ၊ ဘာလို့လဲဆိုတော့ ထိုစကားက တချို့တဝက်ကလည်း မှန်နေလို့လေ ။
"အဲ့အကြောင်းကို ပြောချင်စိတ်တောင်မရှိဘူး..အမေကလည်း အမေပဲ..သည်းခံတာလား..အမှတ်မရှိတာလားဆိုတာ မပြောတတ်တော့ပါဘူး.."
"အေးလေ..အဲ့ကောင်ကိုက စိတ်ထားမကောင်းတာ..သူတို့ မိဘတွေကအစ..စိတ်ပုပ်ကြတာ..နင့်အမေကိုလည်း မပေါင်းနဲ့လို့တော့ မပြောပါဘူး..ဒါပေမဲ့ အချိန်တစ်ခုလောက်တော့ နောင်တရအောင် ထားထားပေးလိုက်လို့ပဲ အကြီးပြောတာ..အဲ့လိုမှမဟုတ်ရင် အဲ့ကောင်က ထပ်ပြီး အခုလိုမျိုး ထပ်လုပ်ဦးမှာပဲ.."
"အင်း..ဟုတ်တယ်.."
ကြီးမွန်၏ စကားကို အလိုက်သင့်လေး ပြန်ပြောပေးလိုက်သည် ။
"ဒါမှမဟုတ်..ခိုးပေါင်းနေတာများလား.."
ကြီးမွန်၏စကားကြောင့် အံ့သူရိန်မင်းတစ်ယောက် ရင်ထိတ်သွားရပြီး ကြီးမွန်ဘက်သို့ မသိမသာ လှည့်ကြည့်မိသည် ။