အချိန်အားဖြင့် ညနေ ၅နာရီခွဲ ကျော်သွားပြီဖြစ်သဖြင့် အံ့သူရိန်မင်းတစ်ယောက် အဆောင်ရှိရာဆီသို့ လာခဲ့လိုက်သည်..။ အကောင်းစားတော့မဟုတ်သည့် စတိုင်ပင်ဘောင်းဘီအမည်းကိုမှ အပေါ်ကနေ အင်္ကျီအဖြူသန့်သန့်လက်ရှည်လေးကို လက်တံတောင်ဆစ်အထိ ခေါက်ပြီး ဝတ်ထားသည်..။ ကော်လန်မပါသည့် လည်ကတုံးကိုမှ အပေါ်ဘက် ကြယ်သီးနှစ်လုံး ဖြုတ် ထားသည့်အတွက် ကိုယ့်ကိုယ်ကို ကြည့်ရသလောက်တော့ အဆင်ပြေသည်..၊ သားသားနားနားလည်း ရှိ၏..။
"တိမ်စိုင်.."
ပင်မဆောင်အပေါက်ဝ၌ ထိုင်နေသည့် တိမ်စိုင့်ကို တွေ့တော့ အံ့သူရိန်မင်း၏ ခြေလှမ်းတို့က ခုနကထက် ပိုပြီးသွက်လက်သွားသည်..။
"ငါ နောက်ကျသွားသေးလား.."
"မကျပါဘူး.."
"အင်း.."
အံ့သူရိန်မင်းလည်း တိမ်စိုင့်ဘေးနား၌ ဝင်ထိုင်လိုက် ပြီး တိမ်စိုင့်ဘက် လှည့်ကြည့်မိသည်..။ ဂျင်းအပျော့သားဘောင်းဘီကိုမှ အပေါ်ကနေ ရှပ်အဖြူဝတ်းပြီးအပြင်ခံကိုတော့ အပြာအရင့်ရောင် လက်ရှည်ကို တွဲဝတ်ထားသည်..။
"ဒီနေ့ရော ဂိုက်မသင်ရဘူးလား.."
"ဟင့်အင်း..ဒီနေ့က ကျောင်းသားတွေ အားတယ်.."
"ဪ..အင်း..ဒါနဲ့ ဆုပေးပွဲက ဘယ်မှာလုပ်မှာလဲ.."
"ငါလည်းမသိဘူးလေ..ဆရာတို့ခေါ်သွားတဲ့အနောက် လိုက်ရမှာပဲ.."
"ဪ.."
ခပ်တိုတိုသာ ပြန်ဖြေသည့် တိမ်စိုင့်ကြောင့် အံ့သူရိန်မင်း ဘာအကြောင်းပြောလို့ပြောရမှန်း မသိတော့ဘဲ တိတ်ဆိတ်သွားသည်..။
"ကဲ..သွားကြတာပေါ့.."
အပေါ်ထပ်မှ ဆရာတို့ဆင်းလာတော့မှသာ သူတို့နှစ်ယောက် မတ်တပ်ထရပ်လိုက်ပြီး ဆရာတို့ကားနှင့် ဆုပေးပွဲလုပ်သည့်နေရာဆီသို့ လာခဲ့လိုက်သည်..။
_____
ထိုင်ခုံတွေ ဝိုင်းထားသည့် စားပွဲခုံအရှည်ကြီးက ခန်းမဟောခန်း၏ အလယ်၌ နေရာယူထားသည်..။ သူ့အရှေ့က စတိတ်စင်ပေါ်မှာတော့ စတိတ်မီးရောင် ကြောင့် ဘလင်း ဘလင်းဖြစ်နေသည့် ဒိုင်းဆုများက မျက်စိကျိန်းချင်စရာပင်ဖြစ်သည်..။