အဆုပ်လိုက် အဆုပ်လိုက်သော မိုးသားတိမ်စိုင်တို့က တရိပ်ရိပ်နှင့် နိမ့်ဆင်းသွားပြီး ရောင်ခြည်တို့ စီးလာသော မှန်လုံကားကြီးက တောင်တက်လမ်းကြောအတိုင်း တ ဖြည်းဖြည်းနှင့် တက်လာလေတော့သည် ။
ရောင်ခြည်နှင့် ဦးနွေတို့ ဟားခါးဆီသို့ လာခဲ့ကြတော့ သည် ။ ဟုတ်တယ် ၊ ဖြတ်သင့်တဲ့သံယောဇဥ်ပဲလေ.. စောစောစီးစီး ပြတ်သားထားတော့ ပိုကောင်းတာပေါ့ ။
ဘာမှမလုပ်ဘဲ တမင်ကို အမွေဖြတ်စွန့်လွှတ်သွားတာဆိုတော့ အဖြတ်ခံလိုက်ရတဲ့ ကိုယ့်ဘက်ကလည်း မလုပ်ပါနဲ့ လို့ တားပိုင်ခွင့်မရှိဘူးလေ ။ မိဘတွေ စေရာ သားသမီးတွေ လိုက်ရမှာပေါ့ ။ဟားခါးမြို့အဝင်အတတ်လမ်းသို့ ရောက်တော့ ရောင် ခြည်တစ်ယောက် ပြတင်းပေါက်မှ အပြင်ဘက် ၊ တောင်ကမ်းပါးတစ်နေရာဆီသို့ လှမ်းကြည့်မိခဲ့သည် ။
၇နှစ်ကျော်တောင် ရှိပြီပဲ ၊ ဒါပေမဲ့ သော်ဇင်ထက်ဆိုတဲ့ ခွေးသားတို့တစ်သိုက်ကို ပစ်ချပစ်ခဲ့တာက မနေ့တနေ့လိုပဲ ။ ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲရလို့ ခံစားရတဲ့ ခပ်နွေးနွေးခံစားချက်က အခုချိန်ထိ ခံစားမိနေတုန်းပင် ဖြစ်သည် ။ ရောင်ခြည်တို့ ကားကြီးက ဟားခါးမြို့ထဲသို့ ဝင်လာခဲ့ပြီး ကားဝင်းထဲ၌ ဆိုက်သွားသည့်အတွက် ရောင်ခြည်တို့လည်း ကားပေါ်မှ ဆင်းလာခဲ့လိုက်ကြသည် ။
မနက်၈နာရီပဲ ရှိသေးတော့ အအေးဓာတ်က အခုထိ မလျော့သေးချေ ။ ၇နှစ်ကျော်ကြာအထိ မရောက်ဖြစ်တဲ့ ဟားခါးက အခုဆိုရင် မြို့ရဲ့ ပုံမှန်အအေးဒဏ်ကိုတောင် ရောင်ခြည်မခံနိုင်တော့ချေ ။
ဟင်း..
"ကောင်လေး..အေးနေပြီလား.."
"ဟင့်အင်း..အဆင်ပြေပါတယ်.."
"အင်း..ခနလေး စောင့်ဦးနော်..လာကြိုတဲ့ကားက ရောက်တော့မယ်တဲ့.."
"ဟုတ်ကဲ့.."
ရောင်ခြည်လည်း ဦးနွေကို ခပ်ဖွဖွ ခေါင်းညိတ်ပြရင်း ကားပေါ်မှ ဆင်းလာကြသည့်လူတွေက များလာကြသဖြင့် ရောင်ခြည်လည်း လူရှင်းသည့် ကားဝင်းအစွန်းနားဆီသို့ လျှောက်လာခဲ့လိုက်သည် ။