မနက်၆နာရီလောက်ကတည်းက သူရိန်တို့ အိမ်ရှေ့အိမ်က တုတ်တုတ်ကို ငှားပြီး ကင်ပွန်းစခန်းဆီသို့ လာခဲ့လိုက်ကြ သည် ။ နှစ်ယောက်တည်းအတူတူခရီးသွားတာ ဒါပထမဦးဆုံး ဖြစ်သည့်အတွက် သူရိန်ရော တိမ်စိုင်ရော ကြည်နူး မိနေသည် ။
နာရီဝက်ကျော်လောက် ကြာပြီးနောက် သူရိန်တို့ ကင်ပွန်းစခန်းသို့ ရောက်လာခဲ့ပြီး တောင်တက်ကား ငှားရန်နေရာ သို့ ရောက်လာခဲ့ကြသည် ။ နှစ်ယောက်သား အခုမှ မိဘမပါဘဲ လာဖူးတာဆိုတော့ နည်းနည်းတော့ ကြောင်တောင် တောင်နိုင်နေသည် ။
"မောင်လေး!!! "
ကားဂိတ်တစ်ခုလုံး ဟိန်းထွက်သွားအောင် ခေါ်လာသည့် အသံကြောင့် တိမ်စိုင်တို့ အနောက်ကို ဆတ်ခနဲ လှည့်ကြည့်မိသည် ။ အမျိုးသမီးတစ်ယောက် ၊ အသံက လူထက်ကို ပိုကြီးနေသေးသည် ။ ရူးနေတာတော့ မဟုတ် ၊ ဒီအတိုင်း သာမာန်လူလိုပင် ။
တိမ်စိုင်တို့ လှည့်ကြည့်လိုက်တော့ ထိုအမျိုးသမီးက တိမ်စိုင်တို့ဘက်ကို တန်းတန်းကြီး လျှောက်လာလေသည် ။ ထို့ကြောင့် တိမ်စိုင်တို့လည်း တစ်ယောက်ကိုတစ်ယောက် အူကြောင်ကြောင်နှင့် လှည့်ကြည့်မိသည် ။
"မင်းအသိလား.."
"ဟင့်အင်း.."
သူရိန်ကလည်း သူနှင့်မသိဘူးဟု ဆိုသည် ၊ တိမ်စိုင်နဲ့လည်း မသိ ။
ထိုအမျိုးသမီးက ပြုံးပြုံးကြီးပင် ။
"တောင်တက်ကားငှားကြမလို့လား.."
"ဟုတ်..ဟုတ်ကဲ့.."
"လာကြ လာကြ..အစ်မလည်း အခုတောင်ပေါ်တက်မလို့.. ကားသမားက လူလိုသေးတယ်ဆိုလို့ လိုက်စုနေတာ.."
"ဪ.."
တော်သေးတာပေါ့ ၊ လန့်သွားတာပဲ ။
တိမ်စိုင် သက်ပြင်း ခပ်ဖွဖွချလိုက်ပြီး သူရိန့်ဘက်သို့ ပြန်လှည့်အကြည့်မှာပင် ထိုအမျိုးသမီးက ဆတ်ခနဲ လက်ကို ဆွဲသွားလေသည် ။
တိမ်စိုင်တစ်ယောက် အလန့်တကြားနှင့် လှည့်ကြည့်လိုက် တော့ ထိုအမျိုးသမီးက လက်ကို ဆွဲသွားပြီဖြစ်သည် ။ ထို့ကြောင့် မထူတော့သည့်အဆုံး ထိုအမျိုးသမီး ဆွဲခေါ်ရာကိုသာ လိုက်နေရသည် ။