"ရောင်ခြည်.."
"ဗျာ.."
ရောင်ခြည့်အခန်းတံခါးက စေ့ရုံသာစေ့ထားသဖြင့် နွေဉီးသော်တစ်ယောက် ဝင်လာခဲ့လိုက်ကာ ကုတင်ပေါ်၌ ဒူးနှစ်ချောင်းကို ထောင်ကာလက်နှစ်ဖက်ဖြင့်ပွေ့ရင်း အခန်းပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေသည့် ရောင်ခြည့်နားသို့ လျှောက်လာခဲ့လိုက်လေသည် ။
"ကောင်လေး..ဘာတွေငေးနေတာတုန်း.."
"ဟင်..ဘာမှမဟုတ်ပါဘူး..ဒီအတိုင်းပါပဲ.."
"ဟို..ကိုယ်ပြောစရာလေးရှိလို့.."
"အင်း ပြောလေ.."
"ဟို..ကောင်လေး..မိဘတွေဆီမသွားချင်ဘူးလား.."
ဟားခါးကို မပြန်ချင်လို့ ရန်ကုန်မှာ တစ်နှစ်နီးပါးလောက် နွေဉီးသော်က ရောင်ခြည်နှင့်အတူတူ နေနေပေမဲ့ အခုဟားခါးကို ကိစ္စလေးရှိသည်မို့ စကားစကြည့်တော့ ရောင်ခြည်တစ်ယောက် ပြုံးပြကာ-
"ကျွန်တော်..မျက်နှာချင်းမဆိုင်ချင်သေးဘူး ဉီးနွေ.."
"ဒါပေမဲ့လည်း ကောင်လေးရယ်..ရေရှည်ကြီးတော့ အခုလိုနေလို့မရဘူးလေ.."
"အဲဒီတော့..ကျွန်တော်ဘာလုပ်သင့်လဲ ဉီးနွေ.."
ရောင်ခြည်တစ်ယောက် ထောင်ကထွက်ပြီးကတည်းက အိမ်တွင်းအောက်နေခဲ့သည်မှာ နှစ်တောင် ချီတော့မည့်အလား ။ အားလုံး ဉီးနွေကသာ လုပ်ပေးပြီး ရောင်ခြည့်အလုပ်က ကောင်းကောင်းစားပြီး ကျန်းမာနေဖို့ပင် ။
အခုလည်း နေနေသည့် တိုက်ခန်းပြတင်းပေါက်မှ လှမ်းမြင်နေရသည့် တိုက်တြွေပည့်နှက်နေသည့် မြင်ကွင်းကို ခပ်တွေတွေငေးကြည့်ရင်း ရောင်ခြည်တစ်ယောက် မေးကြည့်လိုက်သည် ။ ကျောင်းမပြီးတဲ့သူ ၊ ထောင်ထွက်ဆိုသည့်အမည်ခံက လူတစ်ယောက်ကို အများကြီးပြိုလဲစေသည် ။
"ဒါကတော့..ကောင်လေးအပေါ်မှာပဲ မူတည်ပါတယ်.. ကောင်လေးက ဘယ်လမ်းကို ဆက်လျှောက်ချင်လဲ..အခုလို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ တစ်သက်လုံးနေလို့တော့ မရဘူးလေ.."
"သိပါတယ်..ကျွန်တော် နားလည်ပါတယ်..ဒါပေမဲ့ ၁၀ တန်းအောင်ရုံနဲ့ ဘာအလုပ်ရမှာလဲ ဉီးနွေရာ..ပြီးတော့ ဆေးကျောင်းကလည်း ပြစ်မှုရှိပြီးသား ကျွန်တော့်ကို လက်မခံတော့ဘူး..ဆေးကျောင်းမှမဟုတ်ဘူး..ဘယ်ကျောင်းကမှ လက်မခံချင်တော့တာ.."