(1)unicode(new version)

4.2K 188 3
                                    

တခါတလေမဟုတ်တဲ့ အမြဲတမ်းတိုင်းမှာ တစုံတစ်ယောက်ကို သတိရနေဆဲ။ တိုက်ဆိုင်မှုတွေမဟုတ်ခဲ့ရင်တောင် နေရာယူထားဆဲ နာမ်စားလေးဟာ လက်တွေ့မှာတော့ အခိုးငွေ့တွေလို လွင့်ပျယ်သွားတာ ကြာလှပေါ့။ အိမ်မက်လို့သာဖြစ်စေချင်တယ် .....မင်းရယ်။ တကယ်ဆိုရင် မင်းနဲ့ကိုယ်ဟာ နေဝင်ချိန်တွေကို အတူကြည့်လို့ ဆံဖြူသွားကျိုးထိ ရှိနေရမှာ မဟုတ်လား။ ကြားဖူးနေကျ အချစ်ဦးပုံပြင်တွေလို ဇာတ်သိမ်းမလှခဲ့တာ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ နေခြည်ငယ်......အခုတော့ ကိုယ် အတိတ်မှာပဲ ပျော်မွေ့နေဆဲပေါ့။ 

ဒီဇင်ဘာလရဲ့ ကျောင်းဖွင့်ချိန်တစ်ရက် ကိုယ့်နေခြည်ငယ်ဟာ ဘဝထဲကို တောက်ပစွာ ဝင်ရောက်လာတယ်။ အနာဂတ်ကို ကြိုတင်မြင်နိုင်ခဲ့ရင်လည်း မင်းနဲ့ စတွေ့တဲ့ အဲ့ဒီနေ့ကိုပဲ ထပ်မံ ရွေးချယ်မိဦးမှာဆိုတာ အသေအချာပဲ။ 

နက်မှောင်တဲ့ ဆံကေသာပျော့ပျော့တွေနဲ့ လိုက်ဖက်တဲ့ကိုယ်နေဟန်ထားနဲ့ မင်းဟာ တက္ကသိုလ်တစ်ခုလုံးရဲ့ အာရုံတင်မဟုတ်ဘူး ကိုယ့်တဘဝလုံးစာ အသိဉာဏ်တွေကိုပါ ဖမ်းစားသွားခဲ့တာ သိမှသိခဲ့ပါလေစ။ ကျောင်းသားရေးရာဌာနရဲ့ အပေါက်ဆိုးဆိုး စာရေးမကြီးတောင် မင်းကြောင့် ပြုံးရယ်သွားတာ ကိုယ်မြင်ခဲ့တယ်။ 

"ကျောင်းအပ်စာရင်းသွင်းချင်လို့ပါရှင်" 

ဆိုတဲ့ စကားတွေဟာ ချိုသာလွန်းတော့ ကိုယ့်နှလုံးအိမ်ထဲ တံခါးမရှိဓါးမရှိစီးဆင်းသွားပုံများ အေးချမ်းလိုက်တာလွန်ရော။  သူများအကြောင်းကို စိတ်မဝင်စားတတ်တဲ့ ကိုယ်ဟာ ပြီးစီးသွားတဲ့ လုပ်ရိုးထုံးစံတွေကို လျစ်လျူရှုလို့ မင်းနဲ့ နီးရာမှာ ရစ်သီရစ်သီ လုပ်နေခဲ့မိတယ်။ ဘယ်သူမှာတော့ မသိပါစေနဲ့.... ကိုယ်တကယ် မင်းထံပါးကျရှုံးခဲ့ပုံများ ရက်ရက်စက်စက်ပေါ့။ 

အင်္ဂလိပ်စာပေမေဂျာကို သင်ယူမယ့်ကျောင်းသူလေး မင်းကြောင့် ကိုယ့်မှာ ကျိတ်ပျော်လိုက်ရတာ။ မေမေနဲ့ အတိုက်အခံလုပ်ပြီး ကိုယ် သင်ယူချင်ခဲ့တဲ့ မေဂျာမှာ မင်းနဲ့ကိုယ် ရေစက်တွေ ဆုံတော့မှာလေ။ အတွက်အချက်သင်္ချာကို မုန်းလို့ အဲ့ဒီမေဂျာကို ယူချင်ခဲ့တဲ့ ကိုယ်ဟာ L for Love ဆိုတာကို မသင်ခင်ကတည်းက သိနှင့်နေပြီ။ ဒါဟာ မင်းမျက်နှာလေးကို စမြင်လိုက်ရချိန်ကပေါ့ကွယ်။ 

ရွှေချည်ကြိုးဆွဲရာ(GL)Nơi câu chuyện tồn tại. Hãy khám phá bây giờ