နေရောင်ကြောင့် အရည်ပျော်လုပျော်ခင်ဖြစ်နေတဲ့ ထင်းရှူးရွက်တွေပေါ်တင်နေသည့် ဆီးနှင်းခဲတွေကို လက်နဲ့ လှုပ်ခါချရင်း တရွေ့ရွေ့လျှောက်နေတဲ့ ကောင်မလေးကြောင့် လမ်းကျဉ်းလေးဟာ တိတ်ဆိတ်မှုတို့ ကြီးစိုးမနေတော့။ တခါတရံ လမ်းဘေးမှာ အလေ့ကျပေါက်နေတဲ့ အဝါရောင် နှင်းပန်းတွေကို တွေ့ရင် အပြေးလေးသွားခူးသေးတာမို့ သူ့လက်ထဲမှာ အပန်းရောင်နဲ့ အဝါရောင်နှင်းပန်းခက်တွေက ဆယ့်လေးငါးခက်ထက်မနည်းရှိနေသည်။ စိတ်လွတ်ကိုယ်လွတ် လမ်းလျှောက်ချင်သူလေးဟာ တွေ့ရာမြင်ရာ အလှတရားလေးတွေကိုလည်း အလွတ်မပေးတော့ သူပဲ လိုက်လျောရပြန်တာပေါ့လေ။"လွင်"အခုလည်းကြည့် လမ်းကျဉ်းလေးကို နောက်ပြန်လျှောက်ရင်းသူ့ကို လှမ်းမေးလာသည်က..."ငါလှလား လွင်"ဂုတ်ထောက်ဆံပင်ပျော့ပျော့ ဝဲဝဲလေးမှာ အနီရောင်ဘယ်ရီအရိုင်းတခက်ကို ပန်ထားသည့် ကောင်မလေးက ကိုယ့်ကို မှော်ကြေးမုံလို့များထင်နေသလား။"ကမ္ဘာပေါ်မှာ နေခြည်အလှဆုံးပါ"ရှက်ပြုံးလေးနဲ့ ခေါင်းငုံပြီး ပြုံးလိုက်တဲ့ ကောင်မလေးက လွင့်ကမ္ဘာမှာ အပြည့်စုံဆုံး ဖန်တီးမှု့တစ်ခုပါ။ မနက်ကထိ စိတ်ရှုပ်နေပုံရတဲ့ ကောင်မလေးဟာ ဘာအဆင်မပြေဖြစ်နေမှန်းတော့မသိ။ အခန်းဖော်ချာတိတ်လေးနဲ့ တစ်ခုခုအဆင်မပြေတာများလားလို့ တွေးမိပေမယ့် လွင် ကိုယ်တိုင်လည်း အာရုံမစိုက်ချင်တာမို့ လျစ်လျူရှုထားလိုက်သည်။"လက်တွေအေးနေတာပဲ"ရုတ်တရက်အသံနဲ့အတူ လက်ကို လာဆွဲလို့ တွဲသူကြောင့် လွင် မှင်သက်မိသွားသည်။ အခုတော့ သူတို့နှစ်ယောက်က ထင်းရှူးတွေခြံရံထားတဲ့ လမ်းသွယ်လေးမှာ ပခုံးချင်းယှဉ်လို့ လမ်းလျှောက်ဖြစ်ခဲ့ကြပြီ။ ဘေးတိုက်အနေအထားကနေ မြင်ရတဲ့ မျက်နှာပိုင်ရှင်လေးရဲ့ အကြည့်တွေကတော့ လမ်းပေါ်သို့ တစိုက်မတ်မတ်။ လေတစ်ချက်တိုက်လိုက်တိုင်း ဝဲလွင့်သွားတဲ့ ဆံနွယ်တိုတိုလေးတွေကို နားရွက်နောက် သပ်တင်ပေးမိတော့ ကိုယ့်ကို တချက်ကြည့်ပြီး ပြုံးပြသွားတယ်။"နှုတ်ခမ်းက ဘာဖြစ်တာလဲ နေခြည်""ဟင် အင်း နှုတ်ခမ်းကွဲတာ ရာသီဥတုအေးလို့"အမြင်အာရုံကောင်းတဲ့ ကိုယ့်ကလည်း မေးမိသလို မင်းကလည်း တုံ့ဆိုင်းခြင်းမရှိဖြေပြန်တယ်။ သေချာတယ် ကိုယ်နမ်းလိုက်တုန်းက အဲ့ဒဏ်ရာမရှိပါဘူး။"နေခြည်"လက်ကလေးကို ဆွဲကာ မျက်နှာချင်းဆိုင် ရပ်တန့်စေလိုက်သည်။"မေးစရာရှိတယ် နေခြည်""မေးလေ""မင်းနဲ့ ချာတိတ်က ဘယ်လိုပတ်သတ်လဲဟင်"ကိုယ့်လက်ထဲကနေ လွတ်သွားတဲ့ လက်ဖဝါးတစုံကြောင့် မေးမိတာမှားသွားပြီလား ။ ကိုယ့်မေးခွန်းကိုမဖြေဘဲ ခပ်သော့သော့ရယ်လိုက်တဲ့ ဒီပုံစံကို မတွေ့ဖူးသေး။"ဘယ်လိုထင်လဲဟင် .....ငါနဲ့ ခတ္တာက ဘယ်လိုပတ်သတ်မယ်လို့ လွင်ထင်လဲ"ကိုယ်ကတော့ သေချာပေါက် ရိုးရှင်းစေချင်တယ်။"အခန်းဖော်တွေထက် ရင်းနှီးကြတယ်မဟုတ်လား နေခြည် ကိုယ်ဆိုလိုချင်တာက မင်းက သူ့ကို သိပ်ဂရုစိုက်သလို သူကလည်းမင်းကို သိပ်တွယ်တာလွန်းတယ်လို့ ကိုယ်ထင်တာ""ပြီးတော့ရော လွင် ဘယ်လိုထင်သေးလဲဟင်"မဖြေမိပါ။ မြူတွေထနေသည့် လမ်းသွယ်ကိုပဲဆက်လို့တိုးလျှောက်ခဲ့တယ်။ တိုးဝှေ့လာတဲ့ လေပြေဟာ အေးမြနေဆဲ။ လူနှစ်ယောက်ကတော့ သိသိသာသာကို အနွေးဓါတ်တွေကြားပျော်ဝင်နေသည်။"လွင် သိလား... ငါလေ ရိုးရိုးရှင်းရှင်းဆိုတဲ့ စကားလုံးကို သိပ်ကြိုက်တာပဲ ငါ့ဘဝကိုယ်လည်းရိုးရိုးရှင်းရှင်းပဲဖြတ်သန်းချင်တယ် ငါ့ပတ်ဝန်းကျင်ကလူတွေကိုလည်း ငါ့ကြောင့် မရှုပ်ထွေးစေချင်ဘူး ဒါပေမယ့် ဆန္ဒတွေမပြည့်ဘူးထင်ပါတယ်"ပြန်ကြားချက်မလာတဲ့ စကားဝိုင်းကိုတစ်ယောက်ထဲရှေ့ဆက်နေသည့် ကောင်မလေးဟာ လမ်းဘေး ပန်းခြုံတစ်ခုပေါ်က အရွက်တွေကို အမိအရဆွဲကိုင်ရင်း လျှောက်နေပြန်သည်။"လွင် ငါစိတ်ရှုပ်တယ် ...... အကြောင်းအရာတစ်ခုက မတွေးမိဘဲ ခေါင်းထဲကို အလိုလိုရောက်လာနေတယ် သေချာတယ် ငါ အမှားမလုပ်မိဘူးလို့ ထင်နေပေမယ့်လည်း ဖြစ်လာသမျှကိုလည်း ငါ့ကြောင့်လို့ပဲ ထင်နေပြန်တယ် ဟူး....ရှုပ်ထွေးလိုက်တာ"ရုတ်တရက် ခြေလှမ်းတွေရပ်သွားတဲ့အခါ စကားပြောနေတဲ့ ကြက်တူရွေးငယ်လေးဟာ သူ့ကို မော့ကြည့်လာတယ်။ ဆွဲကိုင်ခံထားရတဲ့ လက်တဖက်ကိုပါဖြုတ်ပြီး ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်တော့ နှစ်ယောက်သားဟာ မြူတွေထဲက လမ်းကြားမှာ မျက်နှာချင်းဆိုင်လျှက်သား။"နေခြည် ..... ပြောပြ ကိုယ့်ကို အကုန်ပြောပြ ဘာလုပ်ချင်လဲ ဘာတွေဖြစ်နေလဲ ပြောပြလေ"အမေးခံလိုက်ရသူမှာ တွေဝေသွားလေသလားမသိ နှုတ်ခမ်းကိုက်လျှက် စဉ်းစားနေဟန်ပြုသည်။ အကြည့်လွှဲသွားတဲ့ မျက်ဝန်းနက်တွေဟာ ခဏကြာမှ ဆုံမှတ်ကို ဖမ်းမိလေသည်။"လွင် ခတ္တာကလေ ငါ့ကိုချစ်တယ်တဲ့"မရဲတရဲဖြေပေးပြီးနောက် မျက်နှာချင်းဆိုင်က လူကို မော့ကြည်ပြန်တော့ အပြုံးတစ်ပွင့်ကို ပေးကာ ပြောလာသည်။"ကိုယ် ထင်သားပဲ"ထို့နောက် အနည်းငယ်ဝေးကွာနေသော ကိုယ်နေဟန်ထားကို နီးကပ်အောင်ပြုပြင်လိုက်သောအခါ လာဗန်ဒါနှင့် လိုင်းလတ်ပန်းရနံသည် လေထုထဲပျံ့လွင့်လာလေ၏။"မင်းရော...""ဟင်""မင်းရော ....မင်းရော ဘယ်သူ့ကို ချစ်သလဲ နေခြည်""ငါ ....ငါ မသိဘူး လွင်"အဖြေရခက်စွာ ခေါင်းငုံ့သွားတဲ့ တစ်ယောက်အား နှစ်ခြိုက်စွာ ပြုံးပြလိုက်ပြီး လွင် ခြေလှမ်းတွေကို ရှေ့ဆက်ပြန်သည်။ကိုင်ဆွဲထားတဲ့ လက်သွယ်လေးဟာ ပိုလို့အေးစက်လာတာကို လွင်သိပေမယ့် နောက်ကို လှည့်မကြည့်ဖြစ်။ မမေးရက်ခဲ့တဲ့ ဒီမေးခွန်းဟာ သူ့ကို နောင်တတွေရစေမလားမသိပေမယ့် အချိန်မကျသေးလို့ ဆိုတာကိုလည်း ကိုယ်တိုင်ပဲ သိပါတယ်။တနေ့ကျရင် အရာအားလုံးပြီးဆုံးသွားတဲ့ တစ်နေ့ကျရင် ကိုယ်မင်းကို ဖွင့်ဟဝန်ခံပါ့မယ် နေခြည်ဆတ်ခနဲ ဆောင့်ဆွဲခံလိုက်ရတဲ့ လက်ကြောင့် လှမ်းနေတဲ့ ခြေလှမ်းတွေတောင် ရပ်တန့်သွားရသည်။ နောက်ပြန်လှည့်ကြည့်တော့မှ စိုးရိမ်မှုတွေ စွန်းထင်နေတဲ့ မျက်ဝန်းတစုံဖြင့် ကြည့်နေသူကို တွေ့ရသည်။ မေ့သွားတာ ဒီကောင်မလေးကိ အစိုးရိမ်လွန်တတ်သလို အတွေးလည်းများတတ်တာကို။"ငါ.. ငါ... ငါ သေချာတာတစ်ခုကတော့ ခတ္တာကို မချစ်ဘူး လွင် ပြီးတော့ ဘယ်ယောက်ျားလေးတွေကိုမှလည်း မကြိုက်ဘူး"အင်းလို့ တစ်ခွန်းထဲပြောပြီး အတွေးများနေသူကို ဘေးချင်းယှဉ်ကာ လမ်းလျှောက်စေပြန်သည်။ မကြာခင် သူတို့လျှောက်နေတဲ့ လမ်းဟာ လိုဏ်ခေါင်းတစ်ခုထဲကို ရောက်တော့မှာမို့ ပိုလည်း မှောင်လာတော့မှာ ပိုလည်း အေးစိမ့်လာတော့မှာလေ။ လေတိုးသံတောင်မကြားရတဲ့ လိုဏ်ခေါင်းဟာ သူတို့နှစ်ယောက်ပဲ ဖြတ်သန်းသွားလာသူရှိပြီး မှောင်လိုက်တာမှ တစ်ယောက်ကို တစ်ယောက် မမြင်နိုင်တော့တဲ့ အထိ။ မြင်နေရတဲ့ လမ်းအဆုံးကို ရောက်ဖို့ဆိုတာ အတော်လေးကြိုးစားပြီးလျှောက်ခဲ့ရသည်။"နေခြည် နားထောင်"လိုဏ်ခေါင်းတစ်ဖက်ခြမ်းကို ရောက်တဲ့အခါနှစ်ယောက်လုံးရဲ့ ကိုယ်ပေါ်ကို နေရောင်နွေးနွေးက ထွေးပက်လို့ထားသည်။ ခြေလှမ်းတွေကို ရပ်တန့်ပစ်လိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်စေလိုက်တယ်ဆိုရင်ပဲ မဟူရာရောင်မျက်ဝန်းတစုံက လွင့်ကိုမော့ကြည့်လာခဲ့တယ်။"တကယ်လို့မင်းတစ်ယောက်ယောက်ကိုချစ်မိခဲ့ရင် ..... အဲ့ဒီလူနဲ့သေချာပေါက်ပျော်ပျော်ရွှင်ရွှင်နေရမယ်နော်"ဒီလိုပဲပြောပါရစေ။ ဒါဟာ ကိုယ့်ဆုတောင်းမဟုတ်တဲ့ ဆန္ဒတွေပါနေခြည်။ ဒီတခါ မြတ်နိုးစွာ နမ်းရှိုက်မိတာက ဇင်ယော်တောင်မျက်ခုံးနှစ်သွယ်ကြားက နဖူးပြင်တစ်နေရာ။.................................................ကော်ဖီစားပွဲဝိုင်းမှာ အငွေ့သေနေပြီဖြစ်တဲ့ လာတေးနှစ်ခွက်ကနေရာယူထားသည်။ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ မိန်းကလေးနှစ်ဦးဟာ လှပတယ်ဆိုသလောက် အေးစက်တဲ့ အသွင်တွေလည်းဆောင်နေပြန်တော့ ပတ်ဝန်းကျင်ဟာ အရောင်ခပ်မှိုင်းမှိုင်း။ ကမ်းလင့်ပေးတဲ့ မမ်မိုရီစတစ်လေးကို မကောက်ယူခင် ခတ္တာ တဖက်လူရဲ့ မျက်နှာကို အကဲခတ်လိုက်သေးသည်။ ပုံစံအရ ဆိုခဲ့ပြီးသောစကားတို့မှာ နောက်ပြောင်နေပုံတစက်ကလေးမှ မပေါ်။"အဲ့ဒီထဲမှာ သက်သေတွေအကုန်ပါတယ် မင်းသေချာကြည့်ပါ ချာတိတ်""တကယ်လို့မဟုတ်ခဲ့ရင်ရော ဘယ်လိုတာဝန်ယူမှာလဲ""ငါအမှန်တရားကိုပြောတာမို့ ဘာကိုမှ တာဝန်ယူစရာရှိလာမှာမဟုတ်ဘူး ချာတိတ် မင်းသာ သေချာစဉ်းစားပါ"လွင်မီမီခိုင်ဆိုတဲ့ အမျိုးသမီးက ပြတ်ပြတ်သားသားပြောပြီးနောက် ကော်ဖီဖိုး ကျသင့်ငွေကို စားပွဲပေါ်တင်ပေးပြီးနောက် ထွက်သွားရန်ပြင်သည်။"ခဏလေး ခဏလေးပါ ....""ဘာလဲချာတိတ်""မ, မရောသိနေသလားဟင် ဒီကိစ္စတွေကို ဟင့်အင်း မဟုတ်ဘူး ကျွန်တော်က အဲ့ဒီလူကြီးရဲ့ မြေးဆိုတာသိနေလားလို့""နေခြည်မသိပါဘူး သိရင်လည်း...""အင်း ဟုတ်တာပေါ့ သိရင်လည်း မ,က ကျွန်တော့်ကို ဒီလိုဆက်ဆံမှာမဟုတ်တော့ဘူးပေါ့"ခေါင်းငိုက်စိုက်ကျသွားတဲ့ ကောင်မလေးကို လွင်သနားရမလားမသိ။ သေချာတာတော့ ကြိတ်ပျော်မနေခဲ့ပါ။"မင်း နေခြည့်ကိုတကယ်ချစ်ရင် ငါပြောတဲ့ ကိစ္စကို ကူညီပေးပါ ခတ္တာခင် တို့နှစ်ယောက်လုံး နေခြည့်ကို ....ချစ်တယ်မဟုတ်လား သူ့အတွက် နာကျည်းရတဲ့ အချိန်တွေ တော်သင့်ပါပြီလေ"ကုလားထိုင်ကို ကျောမှီထိုင်လိုက်ရင်း အင်္ကျီအိတ်ကပ်ထဲက စီးကရက်ကို ထုတ်ကာမီးညှိနေသည့် ကောင်မလေးက လွင့်စကားကို ဘယ်လိုသဘောထားမည်မသိ။"သိပ်ချစ်တာပေါ့ဗျာ"အဖြေစကားမမြည်တဲ့ တီးတိုးသံအဆုံးမှာ လွင် နေရာက ထွက်လာခဲ့သည်။ နှင်းတွေဆဲသွားပြီဖြစ်တဲ့ နယူးယောက်ရဲ့ ကောင်းကင်က တိမ်မျှင်တွေတောင်ရှိမနေဘဲ ပြာလွင်နေသည်။ လွင့်ကောင်းကင်မှာလည်း မကြာခင် ခရမ်းရောင်တွေလွှမ်းရင်သိပ်ကောင်းမယ်။ စိတ်ကူးနဲ့ လက်တွေ့က ထပ်တူမှ ကျနိုင်မလား။ကံကြမ္မာဆိုတာ အစားထိုးလို့လည်းမရ ပြောင်းလဲလို့လည်းမရတဲ့ လောကကြီးမှာ ခတ္တာဘယ်သူ့ကို အပြစ်တင်ရမလဲမသိ။ လူ့လောကကြီးထဲကို ရောက်ကတည်းက ကောင်းကျိုးမပေးခဲ့တဲ့အရာကို ပြောပါဆိုရင် မိသားစုပဲဖြစ်လိမ့်မယ်။ အစ်ကိုဖြစ်သူရဲ့ ဇနီးက မတ်ဖြစ်သူနဲ့ ဖောက်ပြန်ပြီး ရလာတဲ့ ကလေးမို့ စင်းလုံးချောချင်တဲ့ မိသားစုဟာ သူ့ကို ပစ်ပယ်ခဲ့တယ်။ ငွေနဲ့ ဘာမဆိုဖန်တီးနိုင်တယ်လို့ ကြွေးကြော်ထားတဲ့ အဖိုးဖြစ်သူက ထိန်းကျောင်းခဲ့တဲ့ မိသားစုဟာ သွေးဆာနေတဲ့ ဝံပုလွေအုပ်နဲ့အတူတူပဲ။ ငွေ၊ အာဏာနဲ့ လိုအင်ဟူသမျှကို ထိန်းချုပ်နိုင်ခဲ့တဲ့ သူတို့မိသားစုဟာ သေချာပေါက်တပါးသူတွေရဲ့ မျက်ရည်တွေနဲ့ ခြေဆေးလာခဲ့တာ။ နောက်ဆုံးတော့ ..... လောကကြီးမှာ သူမဟုတ်ရင် ကိုယ့်အတွက်မဖြစ်ဘူးဆိုတဲ့ တစ်ယောက်သောသူကိုပါ ဒီလိုကံကြမ္မာတွေ ရိုက်ခတ်လာပြီ။ သေချာတယ် ဝံပုလွေလိုကောက်ကျစ်တဲ့ မိသားစုက မွေးလာတဲ့ သူ့အတွက် ကံကြမ္မာနတ်ဘုရားက ဒဏ်ခတ်တာပဲနေမှာ။ကိုယ့်ကိုကိုယ်အားတင်းရင်း လက်ထဲမှာ နာရီအတော်ကြာအောင် ဆုပ်ကိုင်ထားခဲ့တဲ့ မန်မိုရီစတစ်လေးကို ကွန်ပျူတာနဲ့ ချိန်ဆက်လိုက်သည်။ စာဖိုင်တွေများကြားမှ ဗီဒီယိုဖိုင်တစ်ခုကို အရင်ဖွင့်ကြည့်လိုက်သည်။ ပထမဆုံးတွေ့လိုက်ရတာက လှုပ်ရှားနေတဲ့ ပုံရိပ်တွေမို့ မသဲကွဲ။ ကြည့်ရတာ ခိုးရိုက်ထားတဲ့ လျှို့ဝှက်ဗီဒီယို ဖြစ်ပုံရသည်။ မြင်ကွင်းထဲမှာ ကြည်ကြည်လင်လင်ပေါ်လာတာက တခေါင်းလုံးဖွေးဆွတ်နေသည့် အဖိုးကြီးတစ်ယောက်ဝှီးချဲပေါ်မှာ ထိုင်နေတာဖြစ်ပြီး ကင်မရာတပ်ဆင်ထားသူနဲ့ မျက်နှာချင်းဆိုင် စကားပြောနေတဲ့ အနေအထားမျိုးဖြစ်သည်။"ဦီးလင်းလက်နဲ့ သူ့ဇနီးကို ရှင်းပြီးပါပြီဘဘကြီး ကလေးနှစ်ယောက်ကို ဘာလုပ်လိုက်ရမလဲ""ကျူပင်ခုတ်ကျူငုတ်မကျန်ပေါ့"ဒီစကားကို ပြန်ဖြေခဲ့တဲ့သူက ရုပ်တူနေတာမဟုတ်ရင် သေချာပေါက် သူ့အဖိုးပဲ။ ခတ္တာခင်ဆိုတဲ့ သူ့ရဲ့ အဖိုးအရင်းပဲ။ လုံလောက်တာထက်တောင်ပိုတဲ့ ရင်နာမှု့က သူ့ရင်ထဲမှာ မဆန့်။"မင်းကပဲ နေခြည်နဲ့ သူ့မိဘတွေအတွက် တရားမျှတမှုရှာပေးပါ ခတ္တာ ဘာပဲပြောပြော မင်းချစ်ရသူမဟုတ်လား တို့...တောင်းဆိုတာပါ"တရားမျှတမှုတဲ့လား။ ချစ်ရသူအတွက်တဲ့လား။ လွင်မီမီခိုင်ဆိုတဲ့ အမျိုးသမီးက ပြောတတ်လိုက်တာ။ကွန်ပျူတာထဲက အချက်အလက် တစ်ခုပြီးတစ်ခုက ငြင်းနိုင်စရာမရှိတဲ့ အမှန်တရားအတွက် သက်သေအထောက်အထားတွေ။ ခံပြင်းမှုနဲ့ ရင်နာမှု့က အချိုးကျလာတဲ့ အခါ ကွန်ပျူတာနဲ့တကွ အနီးအပါးမှာရှိတဲ့ ပစ္စည်းတွေအားလုံးက တစစီဖြစ်သွားရသည်။ ဒေါသတွေမပြေနိုင်တဲ့ အခါ နံရံထက်ကို ကျရောက်သွားတဲ့ လက်သီးချက်ရေတွေက အများသား။ နာတယ်။ သေလောက်အောင်နာကျင်ရတယ်။ သွေးတတောက်တောက်ကျပြီး ဖူးယောင်လာတဲ့ လက်ဆစ်တွေက မဟုတ်ဘူး ဟိုးအနက်ရှိုင်းဆုံး ရင်ဘတ်ထဲက နာတယ်။ ကျွန်တော့်ရဲ့ မြတ်နိုးရပါသော မ,ရှိတဲ့ နှလုံးသားထဲက သေလုအောင် နာတယ်။ဆုံးဖြတ်ချက်တစ်ခုကို သေချာချလိုက်တယ်။တရားမျှတမှုရှာတာနဲ့ လက်စားချေတယ်ဆိုတာမတူဘူးပဲတတိုင်းမွှေး(16/1/23)A/N-အတော်လေးကြာပြီးမှ ပြန်လာပါပြီ။ ဖတ်ပေးကြတဲ့ အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။..................................................
VOUS LISEZ
ရွှေချည်ကြိုးဆွဲရာ(GL)
Roman pour Adolescentsဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ