(၂၆)ပထမဆုံးအကြိမ်ရောက်ဖူးတဲ့ မွေးရပ်မြေဟာ အထူးအဆန်းတွေနှင့်သာကြုံရသည်။ကြိုတင်အကြောင်းကြားထားခြင်းမရှိတာမို့ အိမ်တော်ကို ရောက်ဖို့အတော်လေး ကြိုးစားလိုက်ရ၏။ လေဆိပ်ကငှားလာတဲ့ တက္ကစီသမားဟာ အိမ်တော်လိပ်စာကို ကြားပြီးကတည်းက သူ့ကို ရိုရိုသေသေဆက်ဆံတာကို သတိထားမိသည်။ ကားသမားဖွင့်ထားတဲ့ ရေဒီယိုလိုင်းမှ သီချင်းသံအဆုံးသတ်သွားသောအခါ နောက်ထပ်လာသည့် အစီအစဉ်က ပြည်တွင်းသတင်း။ ကားသမားက သူ့ကိုနောက်ကြည့်မှန်မှ တချက်အကဲခတ်တာကို မြင်လိုက်ရသည်။ ရေဒီယိုပိတ်လိုက်တော့မည့် အရိပ်အယောင်တွေ့တာမို့ သူမခေါင်းခါပြလိုက်သည်။ ကားမှန်တံခါးကနေ ငေးကြည့်နေတဲ့ လမ်းမပေါ်မှာတော့ ရှုပ်ထွေးနေသည့် ယဉ်များကြား အရဲစွန့်ကာ ကူးလူးနေသည့် ကလေးတွေ။ လက်ထဲမှာကိုင်ထားသည်က ပန်းကုံးများ ဂျာနယ်များအပါအဝင် တိုလီမုတ်စတွေ။ တချို့ကလေးတွေကတော့ လည်ပင်းကနေ ရစ်သိုင်းထားသည့် ကြိုးတပ်ဗန်းငယ်ထဲမှ စီးကရက်နှင့် ကွမ်းယာ ကို မီးပွိုင့်မိနေသည့် ကားများပေါ်သို့ လက်မလည်အောင်ရောင်းနေရသည်။ နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံလုပ်ခလစာကို နိုင်ငံတကာအဆင့်မှီအောင် ပြုပြင်ပြောင်းလဲနိုင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြောကြား.....ရေဒီယိုမှလာနေသည့် သတင်းကြေညာသူ၏ အသံသည် ထင်းခနဲ သူမနားထဲ ဝင်ရောက်လာသည်။ နောက်ထပ်ထွက်ပေါ်လာသည့် သတင်းတစ်ပုဒ်ကြောင့် ပျင်းတိပျင်းရွဲငေးမောနေရာမှ သူမ စိတ်ဝင်စားလာသည်။ ...အဆိုပါအမှု့ဟောင်းကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ ဗဟိုတရားရုံးက ဒီမနက်မှာပဲ အမိန့်ချလိုက်ပါပြီ။ အယူခံတင်သွင်းသူမှာ နစ်နာသူ ဝန်ကြီးဦးလင်းလက်၏သားကြီးဖြစ်သူ ဦးသော်ဇင်လင်းလက်ဖြစ်ပြီး ၎င်းကိုယ်တိုင်မှာလည်း မိဘတွေနှင့်အလားတူ လုပ်ကြံခံခဲ့ရကြောင်း သတင်းမီဒီယာတစ်ခုမှာ ဝန်ခံထားပါတယ်.....လွင်မီမီခိုင်ဆိုတဲ့ အမျိုးသမီးက တိကျသားပဲ။ တက္ကစီမောင်းသူ၏ အိမ်တော်ကို ရောက်ပြီဖြစ်ကြောင်း အသိပေးစကားကို ကြားတော့မှ သူလည်း အတွေးတွေရပ်နိုင်တော့သည်။ အိမ်တော်ခြံဝန်းနှင့် ပင်မဆောင်သည် လမ်းလျှောက်လျှင် အတော်လေးလှမ်းတာမို့ တက္ကစီသမားကို မောင်းဝင်သွားဖို့ပြောတော့ ခြံဝန်းတခါး ပိတ်ထားသည်တဲ့။ ဒီလိုနဲ့ပဲ သူကိုယ်တိုင် လူခေါ်ခေါင်းလောင်းကို သွားတီးတော့ အမျိုးသမီးတစ်ယောက်က ပြန်ဖြေသည်။ "ဘယ်သူပါလဲရှင့်" ရုပ်ကို မြင်တွေ့နေရတာကိုတောင် မသိကြဘူးဆိုတော့ဒီမိသားစုက သူ့ကို လေလို အခိုးငွေ့လို့ သဘောထားနေကြတာပဲ။ အခုကစပြီး အချိုးတွေပြင်ပေးရတော့မှာပေါ့။ "ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ" "ငါ့နာမည် ခတ္တာခင် အခုချက်ချင်းတံခါးဖွင့်ပြီး ကြိုဖို့ကားလွှတ်လိုက် နှစ်မိနစ်ထက် နောက်ကျရင် အကုန်သေမယ်" "ရှင် ခတ္တာခင်က ဘယ်သူလဲဟင် အိမ်များမှားနေတာလားမသိဘူး" "လျှာမရှည်နဲ့ နင်တို့ဘဘကြီးကို သွားအကြောင်းကြားလိုက်" အူကြောင်ကြောင်ကောင်မလေးရဲ့ အသံပျောက်သွားတော့မှ ခေါ်လာသည့် တက္ကစီသမားကို ကျသင့်ငွေရှင်းကာ ပြန်လွှတ်လိုက်သည်။ မိသားစုရဲ့ အရေးကိစ္စတွေကို လူစိမ်းတွေမြင်လို့မဖြစ်ဘူးလေ။ ဘာလို့တုန်းဆိုတော့ အချိန်မကျသေးလို့။ သူ ခြံတခါးဖက်ကို ပြန်အလှည့် ပွင့်လာသော တံခါးနှင့်အတူ (golf carts)ကားသုံးစင်းက အပြင်းမောင်းနှင်လာသည်။ အရှေ့ဆုံးက ကားပေါ်မှာ ပါလာသည့် အသက်၄၀ကျော် အရွယ် အမျိုးသမီးတစ်ဦး၊ ခေါင်းဆောင်ဖြစ်ပုံရသည်။ သူ့ကို မြင်တော့ ကားပေါ်က အပြေးဆင်းလာပြီး ခေါင်းညွတ်ကာ အရိုအသေပေးသည်။ ဖြန်း ခါးညွှတ်ကာ အရိုအသေပေးလာသည့အခိုက် ရိုက်ချလိုက်သည့် သူ့လက်ဝါးစာက ထိုအမျိုးသမီးပါးပြင်ထက်သို့ ကွက်တိ။ နောက်က ပါလာသည့် သူတွေအကုန် ကြောင်အသွားတော့သည်။ စူးရဲစွာ ပြန်ကြည့်လာသည့် အမျိုးသမီးကလည်း မထင်မှတ်ထားသည်မို့ အံ့ဩသွားဟန်၊ ရှက်ရွံ့သွားဟန်။ "နှစ်မိနစ်နဲ့ သုံးဆယ်စက္ကန့်ရှိသွားပြီလေ ..... တစ်စက္ကန့် တစ်ချက်မဖြစ်ချင်ရင် နောက်ဆို ဆင်ခြင်""ကောင်းပါပြီ" ခတ္တာ ထိုအမျိုးသမီးကို ကျောခိုင်းကာ အသင့်ရှိနေသည့် ကားပေါ်တက်လာခဲ့သည်။ အိမ်တော်ဝန်းထဲက အပြင်အဆင်တွေကို သဘောမကျလိုက်တာ။ နောက်ရက်မှ လိမ္မော်ရောင် လီလီတွေ ပြောင်းစိုက်ခိုင်းရဦးမယ်။ အိမ်တော်ထဲကို ရောက်တော့ ကြိုဆိုနေသည့် အလုပ်သမားတွေက တန်းစီလျှက်။ ကြည့်ရတာ ခြံတခါးဝက အဖြစ်အပျက်ကို သိပြီးကြပြီထင်ရဲ့။ ခတ္တာကလည်း အဲ့လို တွေ့ရာလူကို ပြဿနာမရှာတတ်ပါဘူး အခုနက တစ်ယောက်ကိုတော့ တမင်သပ်သပ်ရှာချင်လို့ကို ရှာတာ။ လွင်မီမီခိုင်ပြောလို့ အဲ့ဒီအမျိုးသမီး ဘယ်သူဆိုတာသိပြီးပြီလေ။ ခတ္တာအိမ်ထဲ ဝင်လာတော့ အသက်ကြီးကြီးစုံတွဲတစ်တွဲရယ် သူမနှင့် မတိမ်းမယိမ်း ကောင်မလေးတစ်ယောက်ရယ်က သူ့ကို ထူးဆန်းစွာကြည့်နေကြသည်။ သူတို့ကို ဂရုမစိုက်ဘဲ နောက်ကကပ်ပါလာသည့် အမျိုးသမီးကိုပဲ လှည့်ကာမေးလိုက်သည်။ "ဘိုးဘိုးကြီး ဘယ်မှာလဲ ငါ့ကိုခေါ်သွားပေး" "ဒီဖက်က သီးသန့်စာကြည့်ဆောင်မှာ စောင့်နေပါတယ် မမလေး ကျွန်မနောက်လိုက်ခဲ့ပါ" ရှေ့က လမ်းပြသွားသူ အမျိုးသမီးနောက်ကို လိုက်ဖို့ပြင်တော့ သူမရှေ့က ပိတ်ရပ်လာသူသည် အခုနက ရပ်ကြည့်နေသည့် စုံတွဲထဲက အမျိုးသားဖြစ်သူ။ "မင်းက ခတ္တာခင်လား" ပြန်မဖြေဘဲ ပတ်စ်ပို့ကို ထုတ်ပြလိုက်သည်။ မကျေမနပ်ဖြစ်သွားသည့် လူကြီးနောက်ကို လာရပ်ရင်း သူမကို ကြည့်နေသူက ထိုလူကြီးရဲ့ မိန်းမ။ ဘာလဲ မျက်ရည်တွေများဝဲနေသလား။"လူကြီးတွေကို နှုတ်ဆက်ရမယ်မှန်းမသိဘူးလား"ဘယ်သူ့ကို လာပြီး ကျိန်းမောင်းနေတာလဲ။ မျက်နှာချင်းဆိုင်ဖြစ်အောင် ပြောင်းလိုက်ပြီး ထိုလူကြီးရဲ့ မျက်နှာကို တည့်တည့် စိုက်ကြည့်လိုက်သည်။ မင်္ဂလာပါလို့တော့ နှုတ်မဆက်နိုင်။ "ပထမဆုံးတွေ့ဆုံးခြင်းပါ ဦးလေး အမ် ဒါမှမဟုတ် ပထွေးလား အဲ့လို့ခေါ်ရမှာလား" ခတ္တာစကားကြောင့် နောက်က အမျိုးသမီးရဲ့ မျက်ဝန်းမှ မျက်ရည်တွေစီးကျလာလေသည်ကို တွေ့လိုက်ရသည်။ အလကား အပေါစားမျက်ရည်တွေ။ "အဟင်း ထင်ထားတဲ့ အတိုင်းရိုင်းစိုင်းတာပဲ ဖောက်ပြန်တတ်တဲ့ သူတွေက မွေးတော့လည်း ဗီဇက ဘယ်ကောင်းနိုင်မှာလဲ" ထိုစကားက သူမကိုရော နောက်က အမျိုးသမီးကိုပါ ကြည့်ပြီးပြောခြင်းဖြစ်သည်။ ထိုအမျိုးသမီးကတော့ အစ်ကိုလို့တစ်ချက်သာခေါ်ပြီး လိုက်မသွားဘဲ သူမကိုသာ စူးစိုက်ကြည့်လာသည်။ တုန်ယင်နေတဲ့ နှုတ်ခမ်းတစုံက စကားတစ်ခွန်း ခွန်း ထွက်မလာခင် ခတ္တာ ထိုအနားမှ လှည့်ထွက်လာလိုက်သည်။ ခတ္တာမှာ အမေရော အဖေရောမရှိဘူး။ တိတ်ဆိတ်တဲ့ စာကြည့်ခန်းရဲ့ အလည်မှာ သူမကို ကြိုဆိုနေတဲ့ သူတစ်ဦးရှိသည်။ "အဖိုး" ပြေးဝင်လာတဲ့ သူမကို ဆီးကြိုပွေ့ဖက်သည်။ အောက်ပိုင်းက လုံးဝ မသန်စွမ်းတာမို့ ခြေထောက်နှစ်ချောင်းက ဝှီးချဲပေါ်မှာသာ။ ဆယ်သက်စားမကုန်တာတွေလည်းရှိပါရဲ့နဲ့ ကောင်းကောင်းလည်း မကျန်းမာတာကို ဘာတွေ လောဘကြီးနေသေးတာလည်းလို့ ခတ္တာမမေးချင်။ ဝံပုလွေတွေက ဘယ်တော့မှ အနားမယူလို့လေ။"ပြန်လာပြီလား ကလေးလေး" "အဖိုး သမီးပြန်လာတာ မပျော်ဘူးလားဟင် အရင်တုန်းကလို အဝေးကြီးကို ပြန်ပို့ဦးမှာလား" "ဘာလို့ပို့ရမှာလဲ ကလေးရယ် အခုက စပြီး ငါတို့ မင်းသမီးလေးကို အဖိုးက နန်းတော်ကြီးထဲမှာ စိတ်ကြိုက် စိုးစံခိုင်းတော့မှာ" "ဒါပေမယ့်" "ဘာမှ ဒါပေမယ့်မနေနဲ့ ကလေးလေးက အခု ဘယ်သူ့မှ ကြောက်စရာမလိုဘူးနော် အဖိုးမသေခင် အဖိုးဘေးနားမှာ နေပေး ကလေးလေးက အဖိုးမရှိတော့ရင် အဖိုးနေရာကို ဆက်ခံရမှာ" "စိတ်တော့မဝင်စားဘူးဆိုပေမယ့် ကြိုးစားကြည့်ပေးမယ် အဖိုး ဒါမှ သမီးလည်း စိတ်ပြေလက်ပျောက်ဖြစ်မှာ" "ဟင် စိတ်ပြေလက်ပျောက်ဆိုတော့ ကလေးလေးက ဘာတွေများ စိတ်ညစ်စရာရှိလို့လဲ" "အဟင်း တကယ်တော့ သမီးအသဲကွဲနေတာဖိုးဖိုးရဲ့ ချစ်ရတဲ့ သူဆီက အငြင်းခံလိုက်ရတယ်လေ ....ဟော ဒီအကြောင်းတွေက ဖိုးဖိုးကို ယုံလို့ပြောတာနော် နောက်ပြီး သမီးချစ်တဲ့သူကို ဘာမှမလုပ်ရဘူးနော် အရင်လူတွေလို လက်စဖျောက်ဖို့မပြောနဲ့ ဆံချည်မျှင်လေးတောင် မထိနဲ့နော် သူက သမီးကို အခုမကြိုက်လည်း သမီးက ကြိုးစားလိုက်ရင် ပြန်ကြိုက်ချင်ကြိုက်မှာ အဖိုးရဲ့" "အေးပါကွာ အေးပါ ဘယ်က ကောင်စုတ်လေးမှန်းမသိပေမယ့် မြေးက တောင်းဆိုလို့ အဖိုးဘာမှ မလုပ်တော့ဘူး" "အဖိုး.....တကယ်တော့ ကောင်လေးမဟုတ်ဘူး ....ကောင်မလေးဗျ အဟင်း" "ဟေ...အဲ့လိုလား ကောင်းပါတယ် ဘာပဲဖြစ်ဖြစ်ပေါ့ အဖိုးက မင်းလိုချင်သမျှဖြည့်ဆီးပေးမယ် မြေးလေးက ပျော်ပျော်ရွှင်ရွှင်နဲ့ အကြာကြီး အသက်ရှည်ရှည်နေပါ မင်း အဖေလိုတော့ အဖိုးကို အစောကြီးခွဲမသွားနဲ့နော်" "စိတ်ချပါ အဖိုးရဲ့ ...."တကယ် စိတ်ချပါ အဖိုးရေ ခတ္တာကလေ လောကကြီးမှာ အချိန်အကြာကြီး အသက်ရှည်ရှည်နေဦးမှာ.....အဟင်း....ချစ်ရတဲ့သူနဲ့ အတူပေါ့။ ......................................................"လွင် ဒီမှာ ကြည့်ဦး ကြည့်ဦး ဒီသတင်းက အမှန်ပဲလားဟင်" ဖုန်းကိုအခန်းထဲထိ ဆွဲယူလာပြီး သူမ အခန်းထဲ အော်ဟစ်ဝင်ရောက်လာသူကြောင့် လွင် လန့်သွားရသည်။ ဘာကို တွေ့ရပြန်တာလဲလို့ပေါ့။ ရေချိုးရင်း တန်းလန်းထွက်လာရတာ မို့ တဘတ်အကြီးကြီးတစ်ထည်ကိုသာ ကိုယ်မှာ လုံအောင် ပတ်ချည်လာရသည်။ အနားနားကို တိုးကပ်လာသူလေးက သူ့ရင်ခွင်ထဲတောင် ပစ်ဝင်လုမတတ်။ ပြသနေသည်က မြန်မာပြည်က သတင်းချန်နယ်တစ်ခုက ဗီဒီယိုဖိုင်။ တကယ်တော့ လွင် သိပြီးသားပေမယ့် ကျေနပ်အောင်တော့ ဟန်ဆောင်လိုက်ရသေးသည်။ အမှုပြန်လည်စစ်ဆေးတဲ့ ကိစ္စက ထင်ထားတာထက် ပိုအဆင်ပြေသွားသည်။ တကယ်ဆို သူမအလိုအတိုင်းသာဆို ကျူးလွန်သူတွေအကုန်လုံးကို တရားမဝင်နည်းလမ်းနဲ့ လက်စဖျောက်ပစ်လိုက်ချင်ပေမယ့် အမတ်မင်းက လက်မခံ။ အများပြည်သူရှေ့မှာ ချနင်းခံခဲ့ရတဲ့ သိက္ခာကို အများပြည်သူသိအောင် ပြန်လည် ဆယ်ယူသင့်သည်တဲ့။ အဲ့ဒီတော့ ကိစ္စ အကုန်လုံးကို တခုချင်း မြေလှန်ပြီး ရှာရသလို ကျန်နေသေးသည့် အင်အားစုထောက်တိုင်ကို ဖြိုဖို့လည်း အကွက်ချ စီစဉ်ရသေးသည်။ ကံကြမ္မာက မျက်နှာသာ ပေးသည်လားမသိ ခတ္တာခင်ဆိုတဲ့ ကောင်မလေးက သူတို့အတွက် ရေကန်အသင့်ကြာအသင့်ရှိနေတာ။ကိုကိုကြီးနဲ့ အမတ်မင်း ကလည်းဖုန်းခေါ်လာကာ သူမလေး စိတ်ကျေနပ်အောင် ဟန်ဆောင်ပြရသေးသည်။ ဒီရက်ပိုင်းတွေကတော့ ပျော်စရာတွေချည်းပေါ့။ ဟိုတုန်းကလို မင်းအပြုံးတွေပြန်မြင်ရတာ စိတ်ချမ်းသာလိုက်တာနေခြည်ငယ်။ အခုကစပြီး ကြုံလေသမျှ အဆင်ပြေစေဖို့ ကိုယ်အတတ်နိုင်ဆုံးကြိုးစားမယ်။ အားလုံးရဲ့ အဆုံးသတ်မှာ မင်းသိပ်ကြိုက်တဲ့ လာဗန်ဒါခင်းထဲမှာ လက်ထပ်ခွင့်တောင်းမယ်။ ဒီအချိန်မှာ ဖွင့်မပြောတဲ့ ချစ်စကားတစ်ခွန်းဟာ လာဗန်ဒါတွေကို သက်သေတည်ပြီး ပိုင်ဆိုင်ဖွင့် လျှောက်ထားမယ်။ ချစ်မြတ်နိုးရပါသော ကိုယ့်နေခြည်ငယ် အဆုံးသတ်မှာ ကိုယ့်ကို ခွင့်ပြုပေးပါ.....မင်းအပြုံးတွေကို ထိုင်ငေးခွင့်ပေါ့။ "လွင် ငါတို့ ဘယ်ကိုသွားရင်ကောင်းမလဲ" တနေ့လုံးမြို့အနှံ့လျှောက်လည်ပြီးတာတောင် အပျော်လွန်နေတဲ့ ကလေးမဟာ လမ်းများချင်သေးတယ် ထင်ရဲ့။ ဒီရက်ပိုင်းစိတ်လွတ်ကိုယ်လွတ်ရှိတာမို့ လွင်နဲ့ နေခြည် အတူလျှောက်လည်ဖြစ်သည်။ "အိမ်ပြန်ရအောင်လေ မင်းခြေထောက်နာတယ်ဆို" "နာတော့နာပေမယ့် အခုတော့မနာတော့ဘူး လွင်ရဲ့ လွင်သွားချင်တဲ့နေရာမရှိတော့ဘူးလား" "ကိုယ်ကတော့ မင်းနဲ့အိမ်မှာပဲ နေချင်တယ်" သိပ်တော့မကျေနပ်သေးတဲ့ ကောင်မလေးဟာ စောဒကမတတ်တော့ဘဲ လွင့်သဘောကျ လိုက်လာသည်။ မြေအောက်ရထားစီးချင်သည်ဆိုတော့လည်း လွင် လိုက်လျောရတာပဲ။ သောကြာနေ့ညပိုင်းမို့ ဘူတာရုံနှင့် လမ်းပေါ်မှာ လူတွေက အများသား။ စိုးရိမ်လို့ လက်ကိုတွဲမိတော့ ငါကကလေးလားဆိုပြီး ရန်တွေ့သေးသည်။ လွင်ဘာမှ မပြောတော့ဘဲ ဆုပ်ကိုင်မိပြီးသားလက်ကိုပဲ ပိုလို့တင်းတင်းကျပ်ကျပ် တွဲကာ ရထားပေါ် တက်လိုက်သည်။ ခုံနေရာမရတော့တာမို့ လူကင်းတဲ့ တစ်နေရာမှာပဲ မတ်တပ်ရပ်ကာ နောက်က သိုင်းဖက်ထားလိုက်သည်။ "ကိုယ့်လက်မောင်းကို ကိုင်ထား" အရပ်က မပုဘူးဆိုပေမယ့်လည်း နီးနီးကပ်ကပ်ရှိချင်လို့ လွင် အသားယူကာာပြောလိုက်သည်။ သို့ပေမယ့် သူ့ဖက်ကို မျက်နှာချင်းဆိုင်ပြီး ခါးကိုဖက်လိုက်သည့် နေခြည်ကြောင့် လွင် ကိုယ်တိုင် အသားယူခံလိုက်ရသည်။ လွင့် ပခုံးနားလေးကို ခေါင်းမှီရင်းမှ..."ခေါင်းနောက်နေလို့ ဒီအတိုင်းပဲနေတော့မယ်နော် လွင်" "အင်း" ဘေးကကြည့်နေတဲ့ အထဲမှာ တကိုယ်တော်သမားတွေပါရင်တော့ သူတို့နှစ်ယောက်ရဲ့ ပုံကို အမြင်ကပ်ကောင်းကပ်နိုင်သည်။ လွင့်ခါးပေါ်က လက်တစ်စုံက တင်းတင်းကျပ်ကျပ်၊ လွင့် နှလုံးသားလေးမှာလည်း တဒိတ်ဒိတ်နဲ့မို့ ထိုနေ့ညက မှတ်တိုင်သုံးခုစာမကဝေးသော ခရီးသည် အချိန်တွေကုန်တာမြန်သလိုပဲ။ ဘူတာရုံက အထွက် ရေခဲမုန့်ဆိုင်ကို မြင်တော့ ပူဆာပြန်လေသည်။ "လွင် ငါ ချောကလက် နင်ရော" "အင်း ရတယ် ဘာပဲဖြစ်ဖြစ်" ဟုတ်တယ် လွင့် အတွက်က ရေခဲမုန့်အရသာက အရေးမကြီး ရေခဲမုန့်စားရဖို့က အရေးကြီးသည်။ ရထားပေါ်က အထိအတွေ့ကြောင့် ပူလောင်နေတဲ့ စိတ်ကို ထိန်းဖို့ အေးတာတစ်ခုခုလိုအပ်သည်။ တကယ်တော့ ရင်တွေ အဆမတန်ခုန်နောလည်းပါသည်။ "လွင်သိလား ဒီမှာလေ ကော်တွန်ကန်ဒီစားရဖို့ သိပ်မလွယ်ဘူး ငါရှာတယ် မတွေ့ဘူးရော စားချင်ရင် တကူးတက ဟိုဖက်ဘလောက်က ပန်းခြံထဲသွားဝယ်ရတာ ဒါတောင် ကလေးတွေကျောင်းပိတ်တဲ့ စနေတနင်္ဂနွေမှ ရတာ" "တရုတ်တန်းမှာ နေ့တိုင်းရတယ်" "အင်း ဟုတ်တယ် တရုတ်တန်းမှာရ...အယ် နင် သိသားပဲ" ရေခဲမုန့်ကို အားရပါးရစားနေသူလေးက လွင့်စကားကြောင့် မော့ကြည့်လာသည်။ "အဲ့လောက်တော့ မှန်းကြည့်ရင် ဘယ်သူမဆိုသိတယ် ဘာထူးဆန်းလို့လဲ" "အမ် အင်း မထူးဆန်းပါဘူး အံ့ဩသွားလို့ ဟီး ဟုတ်သားပဲ" တုံးတယ်။ အချစ်က တခါတလေတုံးတယ်။ ဒါပေမယ့် တော်ပါသေးရဲ့ သူလည်း တချို့ကိစ္စတွေကို မသိစေချင်သေးပါဘူး။ ရေခဲမုန့်လည်း ကုန်ရော အခန်းရှေ့လည်း သူတို့ပြန်ရောက်ရောပဲ။ လူနေကျဲတဲ့ ရပ်ကွက်မို့ ဘလောက်တစ်ခုလုံးမှာ မီးရောင်တွေက မှိန်ပျပျသာ။ နေခြည့် အခန်းရှိတဲ့ အထပ်မှာဆို ဘယ်အခန်းရှေ့မှာမှ မီးလင်းမနေတာကြောင့် သူတို့ ဝရံတာကို ဖြတ်လျှောက်ရတုန်းကဆို ပျာကလပ်စိန်လေး ဘေးကင်းအောင် လွင့်မှာ လက်တွဲထားရသည်။ "အီး ရေခဲမုန့်တွေပေကုန်ပြီ လွင်ရဲ့ ငါ့လက်တွေ ကပ်စီးစီးနဲ့"အခန်းတံခါးဖွင့်ခါနီးမှ မနေခြည်တစ်ယောက် သူ့လက်ကိုသူ သတိထားမိတော့သည်။ တကယ်တော့ အဲ့ဒီရေခဲမုန့်က လွင့်ဟာ။ မစားဘဲနဲ့ ကြက်တူရွေးလို ဘေးနားပေါက်ပေါက်ဖောက်နေတဲ့ ကောင်မလေးကို ငေးမိသမျှ အရည်ပျော်ကျတာပဲ အဖတ်တင်သည်။ "သုတ်ပေးဦး သုတ်ပေးဦး လွင် တံခါးကိုင်လိုက်ရင် ပေမှာစိုးလို့" လက်ဖဝါးလေးနှစ်ဖက်ကို ထောင်ပြပြီး မျက်နှာလေးမဲ့ကာ လွင့်ကို ဂျီကျလာသည်။ အခန်းထဲရောက်မှ ရေဆေးဖို့ပြောလည်းရမှာ မဟုတ်တဲ့ ကောင်မလေးကြောင့် အိတ်ထဲ ဆောင်ထားတတ်သည့် တစ်သျှူးအစိုကို ထုတ်ရတော့သည်။ "လက်ဖြန့်လိုက် ငါ သုတ်ပေးမယ်" ချယ်ရီရောင်လက်သည်းဆိုးဆေး ဆိုးထားသော လက်သွယ်သွယ်လေးနှစ်ဖက်ကို ယူကာ လွင်ကိုယ်တိုင် စိတ်ရှည်လက်ရှည်သုတ်ပေးရတော့သည်။ "ပြောင်အောင်သုတ်နော် ညကျ ကြွက်လာကိုက်လိမ့်မယ်" မဟုတ်တရုတ်ဆို သိပ်ပြောတတ်တဲ့ ကောင်မလေးကို လွင့် မော့ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။ ထိုအခိုက် ...လွင် မြင်လိုက်တာက အနီရောင်ဖောက်! အသံက အနီးကပ်ထွက်လာသည်။ လွင် အလျှင်အမြန် အောက်ကို ဝပ်လိုက်ပေမယ့် အချိန်မမှီတော့။ စနိုက်ပါက လာသော အနီအောက်ရောင်ခြည်စက်သည် နေခြည်ငယ်ရဲ့ ရင်ဖက်တည့်တည့်ကို ချိန်ထားခြင်းဖြစ်ပြီး လွင် မြင်လိုက်ရတာက အခြားသော အနီရောင်..... ငါ့ရဲ့နေခြည် ကျေးဇူးပြုပြီး.....တတိုင်းမွှေး (20/1/23)A/N- အဟမ်း... တစ်ခုခုပြောခဲ့ဖို့မျှော်လင့်ပါတယ် စာဖတ်သူတို့ရေ။
BẠN ĐANG ĐỌC
ရွှေချည်ကြိုးဆွဲရာ(GL)
Teen Fictionဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ