လိမ္မော်ရောင်လီလီပန်းတွေနဲ့ အလှဆင်ထားတဲ့ ဘုရားကျောင်းအပြင်အဆင်ဟာ သိပ်ကိုတောက်ပနေတယ်။ ကြီးပြင်းလာရာ မိဘမဲ့ ဂေဟာမှာ မင်္ဂလာပွဲပြုလုပ်ချင်တယ်ဆိုတဲ့ ကောင်မလေးရဲ့ ဆန္ဒကြောင့် လွင်တို့ လိုက်လျောရပြန်တယ်။ လူသိရှင်ကြားလက်ထပ်မယ်လို့ ဆုံးဖြတ်လိုက်ကတည်းက နှစ်ဦးစလုံး ပျော်ရွှင်ခဲ့ပေမယ့် လွင့်မှာတော့ ထုတ်ဖော်ပြောလို့ မရသည့် စိုးရိမ်မှု့အနည်းငယ်ကို ခံစားခဲ့ရသည်။ တကယ်တော့ ဟိုးတုန်းကလို အဖြစ်ဆိုးတွေ သံသရာလည်မှာကို ကြောက်နေတာ။ မစိုးရိမ်ပါနဲ့လို့ ခဏ ခဏ သတိပေးစကားဆိုလာတဲ့ ကောင်မလေးကတော့ အခမ်းအနားတွက် ပြင်ဆင်ရင် စိတ်လှုပ်ရှားနေတဲ့ လွင့်ကို ထိန်းသိမ်းပေးတတ်သည်။ တခါတရံ ထိန်းချုပ်ရ ခက်ပေမယ့် ဟိုးတုန်းကထက်ပိုပြီး ရင့်ကျက်လာတာတော့ ငြင်းမရ။ "သတို့သမီး အဝတ်အစားလဲလို့ရပြီနော်"ပြင်ဆင်ထားသည့် ခန်းမထဲကို ငေးကြည့်နေခိုက် လာခေါ်သည့် အဝတ်အစားဒီဇိုင်နာကြောင့် လွင် နောက်က လိုက်သွားရသည်။ ဒီဇိုင်နာရဲ့ အကူကောင်မလေးတွေက လွင့်အတွက်ဝတ်စုံကို ထုတ်ယူလာပေးသည်။ "ဘာလို့ အပြာရောင်ဖြစ်နေရတာလဲ" ရေခဲပြာရောင် မင်္ဂလာဝတ်စုံကြောင့် လွင် အံ့ဩသွားရသည်။ ကြိုတင်ပြင်ဆင်ထားတုန်းက အဖြူရောင်ပါ။ လွင် သေချာကြည့်လိုက်တော့ ဝတ်စုံဒီဇိုင်းက မပြောင်းလဲဘဲ အရောင်ကသာ ပြောင်းနေတာဖြစ်သည်။ဒီဇိုင်နာ အစ်မက တစ်ဖက်အခန်းကို လက်ညိုးလေးထိုးပြသည်။ ကောင်းကင်ပြာရောင်ထက်ဖျော့သော ရေခဲပြာရောင် ပိုးသား ဂါဝန်အရှည်က သေသပ်လှပလွန်းသည်။ ဘယ်သူ့လက်ချက်လဲမေးနေစရာမလိုတာကြောင့် လွင် အခန်းထဲဝင်ပြီးသား သွားလဲလိုက်တော့သည်။ တဖက်ခန်းက သူ့သတို့သမီးလေးရဲ့ ဝတ်စုံမှာလည်း ခရမ်းရောင်များဖြစ်နေမလား။ ဝတ်စုံသွားရွေးတဲ့ နေ့တုန်းက သူ့စိတ်ကြိုက်အရောင်ကို မရွေးရလို့ စိတ်ကောက်နေခဲ့တာ လွင် ညစာတောင် ငတ်သည်။ အော်...စိတ်ဆိုးလို့ လွင့်ကို ဘာမှချက်မကျွေးတာကို ပြောတာပါ။ အခုတော့ ဒီဇိုင်နာနဲ့ပေါင်းလို့ သူလုပ်ချင်တာကို လုပ်ထားသည်။ "အဆင်သင့်ဖြစ်ရင် သွားရအောင်လွင်" "ခဏလေးပါ အစ်မ ညီမသိမ်းခိုင်းထားတာ ပါလား""အော် ပါတယ်...ခန်းမထဲ ရောက်မှ ပေးမလို့ပါ အခုယူတော့မလား" "ဟုတ် သူ့ကို တခါထဲ ဝတ်ပေးချင်လို့" ထိုအစ်မလာပေးသည့် အဖြူရောင် သေတ္တာလေးကို ဖွင့်လိုက်တော့ လွင်ကိုယ်တိုင် လုပ်ထားသည့် ပန်းသရဖူလေး။ ပြင်သစ်က အထူးမှာယူထားသည့် လာဗန်ဒါပန်းအစစ်တွေကို ခွေရစ်ကာ ပြုလုပ်ထားသည့် ပန်းသရဖူလေးမှာ ရွှေရောင် ပုလဲတွေပါပါသည်။ ခရမ်းရောင် ဝတ်စုံလေးနဲ့ သူ့သတို့သမီးလေးရဲ့ ဦးခေါင်းထက်မှာ နေရာယူမည့် ဒီပန်းသရဖူလေးသည် လွင့်ချစ်ခြင်းတွေနှင့် ဖန်ဆင်းထားသောကြောင့် သိပ်ကို အဖိုးတန်သည်။ တစ်ဖက်ခန်းထဲကို လွင် ဝင်သွားတော့ အပျိုရံတွေအလယ် ရှက်ပြုံးလေးနဲ့ ပြုံးကာ သူ့ကို ကြည့်နေသော သတို့သမီးဟာ ခရမ်းရောင်တွေကြား လှလှပပလေးကို တည်ရှိနေသည်။ တခြားသူတွေက အလိုက်တသိ ထွက်ခွာပေးတာကြောင့် သူတို့ နှစ်ယောက်သာ ကျန်တော့သည်။ ထိုအခါမှ မတ်တပ်ရပ်ကာ လွင့်ကို မေးလာသည်။ "လွင် စိတ်မဆိုးဘူးမလား ဝတ်စုံကိစ္စကို" "စိတ်ဆိုးစရာလား ကိုယ့်အမျိုးသမီးလေးက သေချာရွေးပေးထားတာပဲ ... ပြီးတော့ မင်းက ခရမ်းရောင်တွေနဲ့ သိပ်လှတယ် နေခြည်ငယ်" "အင်း ငါလှတာ သိတယ်...အဟီး လွင်ရောပဲ အပြာရောင်နဲ့ လိုက်တယ် အိုး...ငါ့သတို့သမီးက ဒီကမ္ဘာမှာ အချောဆုံးအလှဆုံးပဲ" လွင် အနားကို တိုးကာဖက်လိုက်တော့ နေခြည်ငယ်ကလည်း လက်နှစ်ဖက် ဆန့်တန်းကာ သူ့ကို ပြန်ဖက်သည်။ လက်မှာကိုင်ထားသည့် ယုဇနပန်းဖြင့်ပြုလုပ်ထားသော မင်္ဂလာပန်းစည်းကြီးကို ဘုတ်ခနဲ ပစ်ချလို့ လွင့်မှာ အောက်မကျအောင် ဖမ်းရသေးသည်။ "အယ် အယ် လွင် နင့်နောက်မှာ ဖွက်လာတာ ဘာလဲဟင် ငါ့ကို ပေးဖို့လား" ဟုတ်သားပဲ နေခြည်ငယ်ရဲ့ မျက်နှာလေးကို မြင်လိုက်တော့ လာရင်းကိစ္စဖြစ်သည့် ပန်းသရဖူလေးကို မေ့သွားသည်။ လွင် နောက်ကျောဖက်မှာဖွက်ထားသည့် လက်ကို ထုတ်လိုက်တော့ ..."အိုး လာဗန်ဒါတွေ သိပ်လှတယ် လွင် ငါ့ဖို့လားဟင်" "အင်း မင်းဖို့ပေါ့ ကိုယ့်လာဗန်ဒါလေးရယ် ....ဒါကိုယ် ကိုယ်ကိုတိုင်လုပ်ထားတာနော်" "ဟီး ...ကျေးဇူးတင်ပါတယ် လွင် ....ပန်ပေး လွင် ကိုယ်တိုင်ပန်ပေး" ပြုံးပြုံးလေးနဲ့ ကပ်ချွဲနေသူလေးဟာ လွင့်ခါးကို တင်းတင်းကျပ်ကျပ်ဖက်ထားရင် ပူဆာနေပြန်လေသည်။ နေခြည်ငယ်ရဲ့ ဆံပင်ကို မိတ်ကပ်ဆရာက ကြိုတင်ပြောထားသည့်အတိုင်း ရိုးရိုးရှင်းရှင်းလေးပဲ လုပ်ထားပေးသည်မို့ လွင် သရဖူလေး စွပ်ပေးလိုက်သည့် အခါ လွယ်ကူသွားသည်။ သို့ပေမယ့် ဒီပြာကလက်စိန်လေးက ငြိမ်ငြိမ်မနေနိုင်ဘူးဆိုတာ သိသည်မို့ ဆံညှပ်ကလေးတွေယူကာ ပန်ပေးရသည်။ "သမီး"မမျှော်လင့်ဘဲ ကြားလိုက်ရသည့် စကားကြောင့် လွင့် လက်တွေ ရပ်တန့်သွားသည်။ ဒီအသံ ဒီစကားတစ်ခွန်းဟာ လွင် လောကမှာ မကြားချင်ဆုံးပင်။ လွင် လှည့်မကြည့်ရသေးခင် လွင့် ခါးပေါ်က နေခြည့်လက်တွေ ပြေလျောကျသွားသည်။ မဟုတ်ဘူး ...အဲ့လိုမဖြစ်ရဘူးလေ။ သူတို့နှစ်ယောက်ရဲ့ အရေးကြီးတဲ့ အချိန်မှာ ဒီလိုအနှောင့် အယှက်တွေ ပေါ်လာလို့မဖြစ်ဘူး။ "မမ မမလားဟင်" လွင့်နောက်ကျောဖက်ကို ခေါင်းလေးငဲ့ကာ ကျော်ကြည့်လိုက်သည့် နေခြည်က မြင်သွားပြီထင်သည်။ လွင် ဆတ်ခနဲ လှည့်ကာ နေခြည့်လက်ကို ဆွဲပြီး အနောက်ကို ပို့ထားလိုက်သည်။ ရှေ့က အမျိုးသမီးကတော့ မျက်ရည်တွေ ဝဲလျှက် .... မဟုတ်ဘူးနော် အဲ့လို ဟန်ဆောင်မှုတွေနဲ့ လွင့်ကို လာမပတ်သတ်နဲ့ အထူးသဖြင့် နေခြည်ငယ့်ရှေ့မှာပေါ့။ "နေခြည်လေးလား" "ထွက်သွား ....ခင်ဗျားက ဒီနေရာကို ဘာမို့လို့လာရဲတာလဲ ထွက်သွား" နေခြည့်ကို မြင်တော့ အံ့ဩသွားဟန်ရှိသည့် ထိုအမျိုးသမီးမှာ လွင့်ထံက အအော်ခံလိုက်ရတာကြောင့် တုန်ယင်သွားသည်။ တရစပ် ကျဆင်းလာသည့် မျက်ရည်တွေကို မြင်လေ လွင် ပိုမုန်းလာလေပဲ။ "မေမေက သမီးကို လာတွေ့ချင်ရုံပါ" "ဘယ်သူက ခင်ဗျားသမီးလဲ ရွံတယ် ခင်ဗျားတို့ သွေးတွေနဲ့ အသက်ရှင်နေရတဲ့ ကိုယ့်ကိုကိုယ်တောင် မသတီတာမို့ ခင်ဗျား ခင်ဗျား ထွက်သွားပေးပါ" အနှစ်နှစ် အလလက မြိုသပ်ထားတဲ့ နာကျဉ်းချက်တို့ကြောင့် လွင့် စိတ်တွေလွတ်သွားရသည်။ သူတို့ရှေ့မှာ မျက်ရည်တွေ ကျနေသည့် အမျိုးသမီးကို လွင် သိပ်မုန်းရပါသည်။ ဘာကြောင့်များ ကံကြမ္မာက သူ့ကို စင်းလုံးချောခွင့် မပေးတာလဲ။ ဒီအမျိုးသမီးက အသက်ကြီးသွားပေမယ့် သိပ်မပြောင်းလဲတဲ့ ရုပ်သွင်ကြောင့် နေခြည်ငယ်လည်းမြင်ရုံနဲ့ မှတ်မိသွားပြီ ဆိုတာကို အခုနက ခေါ်သံက သက်သေပင်။ "သမီးတို့ ဘာဖြစ် ...ဟင် မင်းဘာလာလုပ်တာလဲ" ဖေဖေနဲ့ ဒယ်ဒီက အခန်းထဲ ဝင်လာတော့ ဟိုအမျိုးသမီးကို မြင်ပြီး အံ့ဩသွားဟန်ရှိသည်။ ဒယ်ဒီက ဖေဖေ့နောက်နားမှာ ရပ်နေပြီး စိတ်လျှော့ဖို့ပြောနေတာကို လွင်ကြားရသည်။ "ကျွန်မသမီး မင်္ဂလာဆောင်ကို လာတာ ဘာဖြစ်လဲ" "မင်းအပိုတွေ မပြောနဲ့ အဲ့ဒီကတည်းက ငါပြောပြီးသား လွင်နဲ့ မင်းက ဘာမှမပတ်သတ်တော့ဘူးလို့ ကတိမတည်ရင် ငါ ဘာလုပ်မတုန်း စောင့်ကြည့်လိုက် မင်း အခုချက်ချင်းထွက်သွား" "ဘာပဲပြောပြော သူ့ကို ကျွန်မဝမ်းနဲ့ လွယ်မွေးထားတာ သွေးသားပတ်သတ်မှု့အရတော့ ကျွန်မသမီးမင်္ဂလာဆောင်ပဲ ကျွန်မလာခွင့်ရှိတယ် ပြီးတော့ နေခြည်လေးကိုလည်း""တော်တော့ ဆက်မပြောနဲ့ ......ဖေဖေ သူ့ကို ခေါ်သွားပေးပါ ဒယ်ဒီ လွင်တို့ရှေ့ကနေ သူ့ကို ခေါ်ထုတ်သွားပေးပါ မြန်မြန် မြန်မြန်" "လွှတ်စမ်း လွှတ်စမ်း ....လွင် မင်းက ဘာပဲဖြစ်ဖြစ် ငါ့သမီးပါ သမီးကို အမေသိပ်ချစ်တယ်နော် နေခြည်လေး နေခြည်လေး မမ တောင်းပန်ပါတယ် ....လွတ် သော်ဇင် ငါ့ကိုလွှတ်စမ်း ငါ့သမီးနဲ့ တွေ့မယ်လို့" လူအင်အားသုံးပြီး ဆွဲထုတ်ခြင်းခံလိုက်ရတဲ့ အမျိုးသမီးဟာ ပါးစပ်ကနေပြောသွားသမျှ ယုံနိုင်စရာမရှိတာတွေ။ သူတို့ နှစ်ယောက်ပဲ အခန်းထဲမှာ ကျန်ခဲ့သည်။ လွင် နောက်ကျောဖက်က ကောင်မလေးဆီ လှည့်ကြည့်လိုက်တော့ အရာအားလုံးကို နားမလည်ဟန်နဲ့ ထွက်ခွာသွားသူ အမျိုးသမီးကို ကြည့်နေသည်။ လွင် နေခြည့်လက်လေးကို ဆွဲယူကာ ခုံပေါ်မှာ ထိုင်စေလိုက်သည်။ "ကိုယ် ရှင်းပြမယ် နေခြည် အရင်ဆုံး ကိုယ်ပြောတာပဲ နားထောင်ပေးပါ ကျန်တာတွေ မတွေးနဲ့နော်" "အဲ့တာ မမမဟုတ်လား ငါ့ယောင်းမလေ ကိုကိုကြီးရဲ့ အမျိုးသမီး" "အင်း ဟုတ်တယ်" "ဒါဆို သူက ...သူပြောသွားတဲ့ လွင်က သူ့သမီးဆိုတာ ဘာကိုဆိုလိုတာလဲ ဖေဖေမဟုတ်ဘူး ကိုကိုကြီးပြောတော့ လွင့်ကိုလဲ မိဘမဲ့ ဂေဟာကနေခေါ်လာတာဆို" "ကိုယ်တောင်းပန်ပါတယ် နေခြည်ရယ် ကိုယ် ကိုယ် လိမ်ထားခဲ့မိတာပါ" "အဲ့လိုဆို လွင်က မမနဲ့ ဘာပတ်သတ်လဲဟင် တကယ်ပဲ လွင်က သူ့သမီးဖြစ်နေခဲ့တာလား .....သူ့သမီးဆိုတော့ မဟုတ်မှ လွင့်ရဲ့ အဖေက သူ့နောက်ယောကျာ်း ဟို ခတ္တာခင်ရဲ့ အမေတူဖအေကွဲ အစ်ကိုလား" "အင်း ဟုတ်တယ် ကိုယ် ကိုယ်က အဲ့ဒီမင်းကို နာကျင်စေခဲ့တဲ့ မိသားစုဆီမှာ မွေးဖွားခဲ့တာ ....ကိုယ် အရာအားလုံးကို မှတ်မိမိချင်း အမတ်မင်းနဲ့ ကိုကိုကြီးကို ဆက်သွယ်ခဲ့တယ် တကယ်ပါ ကိုယ် အဲ့ဒီမိသားစုမှာ လုံးဝမနေချင်ခဲ့တာပါ ကိုယ် ကိုယ် သူတို့နဲ့ အဆက်ဖြတ်ခဲ့တယ် ဘာမှ မပတ်သတ်သလိုနေခဲ့တယ် နောင်လဲ အဲ့လိုနေမှာမို့ နေခြည်ငယ်က ကိုယ့်ကို စွန့်ပစ်မသွားပါနဲ့နော်" "အို လွင် အဲ့လိုမလုပ်နဲ့ ငါပြောတာနားထောင်ပါဦး" လွင်ဟာ နေခြည့်ရှေ့မှာ ဒူးထောက်ကာ တောင်းပန်စကားဆိုသည်။ ငိုကြွေးနေတဲ့ မျက်ရည်တွေ၊ ပူပန်နေတဲ့ အမူအရာတွေဟာ ဟန်ဆောင်ခြင်း လုံးဝမရှိ။ လွင့်နည်းတူ ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး ကိုယ်ခန္ဓာလေးကို ထွေးပွေ့လိုက်တော့ နေခြည့်ရင်ခွင်ထဲ ပြိုလဲလာသည်။ "ကိုယ့်ကို စိတ်မဆိုးပါနဲ့ နေခြည် ကိုယ်တမင်ဖုံးကွယ်ထားတာမဟုတ်ပါဘူး မင်းသိသွားရင် ကိုယ့်ကို မုန်းသွားမှာ စိုးလို့ အရင်လိုပြန်မချစ်နိုင်မှာစိုးလို့ပါ နော် ကိုယ် ကိုယ် တောင်းပန်ပါတယ် ကိုယ့်ကို မမုန်းလိုက်ပါနဲ့ မင်းမကြိုက်ဘူးဆို အဲ့ဒီသွေးတွေ အကုန်ဖောက်လဲပစ်လိုက်ရမလား ဟင် ကိုယ် ဘာလုပ်ရမလဲဟင် မင်းပြောသမျှကိုယ်လုပ်မယ်နော်" "ကံကြမ္မာဆိုတာ ကြိုသိနိုင်တဲ့ အရာမှ မဟုတ်တာ.....ပြီးတော့ သားသမီးက မိဘကို ရွေးချယ်လို့မှ မရတာလွင်ရဲ့ လွင်သိလား ငါက လွင့်ကိုပဲ ဂရုစိုက်တာလေ လွင်က လွင်ဖြစ်နေရင်တော်ပြီ ဘယ်သူ့သွေးသားပဲဖြစ်ဖြစ် ဘယ်သူ့သမီးပဲဖြစ်ဖြစ် လွင်ကတော့ ငါ့ကို ချစ်တဲ့လွင် ငါချစ်ရတဲ့ လွင် ဖြစ်ရင်ရပြီ ""တောင်းပန်ပါတယ်နေခြည် ငါ့ကိုထားမသွားပါနဲ့နော်" "အင်း စိတ်အေးအေးထား ဘာမှ မဖြစ်ဘူးလွင် မျက်ရည်တွေမကျနဲ့ သတို့သမီးက မိတ်ကပ်တွေ ကွက်နေလို့ မလှဘဲနေဦးမယ်" လွင်ကတဖန် ထွေးပွေးလိုက်တော့ ခရမ်းရောင်လေးမှာ လွင့်ရင်ခွင်ထဲ အလိုက်သင့်ရောက်သွားပြန်သည်။ သူတို့နှစ်ဦးရဲ့ အကြားမှာ အလပ်မဟမရှိ။ ထို့အတူ နှလုံးသားချင်းလည်း ထပ်တူကျလို့ပေါ့။ ဘာမှ မဖြစ်သလို..... တကယ်လည်း ဘာမှမဖြစ်ဘဲ တစ်ဦးလက်ကို တစ်ဦးတွဲလို့ မင်္ဂလာခန်းမထဲ ဝင်လာသည့် ချစ်သူနှစ်ဦးကို မြင်ရတွေ့ရသူ အပေါင်းတို့မှာလည်း ဝမ်းမြောက်ဝမ်းသာ ချီးကျူးထောပနာပြုပေးကြသည်။ သူတို့ ပြုံးနေခဲ့ကြသည်။ တစ်ဦးလက်ကို တစ်ဦးက တွဲလို့....နားလည်မှုတွေသာ ပြည့်နေသည့် မျက်ဝန်းတွေဖြင့် ပတ်ဝန်းကျင်က ဖြစ်ပျက်သမျှ အရာရာကို လျစ်လျူရှုထားပြီး သူတို့ လွတ်လပ်စွာ ရယ်မောခဲ့ကြသည် ...သံသရာ တစ်လျှောက်လုံးပေါ့။ "ဘုရားသခင်ကို တိုင်တည်ပြီး ကျိန်ဆိုပါတယ် ....ထာဝရထက်ပိုသော အရာရှိလျှင် အကျွန်ပ်တို့၏ ချစ်ခြင်းတရားကို မလွန်ဆန်နိုင်ပါစေသား၊ သံသရာထက်ပိုသော ခရီးရှိလျှင် ကျွန်ုပ်တို့၏ မေတ္တာဇာတ်ကြောင်းကို ရှုံးနိမ့်ပါစေသား၊ စစ်မှန်မှုတွေကို တိုင်းတာရလျှင် ကျွန်ပ်တို့ နှစ်ဦး၏ ကတိသစ္စာကို စံပြုရပါစေသား ...အဖဘုရားသခင် ....နေခြည်လင်းလက်ဆိုသည့် အမျိုးသမီးအား ဘယ်သို့သော ဘုံဘဝရောက်ရောက် ချစ်မြတ်နိုးခွင့်ရသူ ကာကွယ်စောင့်ရှောက်ပိုင်ခွင့် ရှိသူသည့် လွင်မီမီခိုင်ဆိုသည့် လူသားသာ ဖြစ်ပါရစေ....." ဒါဟာ နှစ်ဦးသားရဲ့ ညအိပ်ရာဝင် ဆုတောင်းစကားတွေဖြစ်သည်။ "ငါ့ကို အဲ့လောက်တောင်ချစ်သလားလွင်" "မင်းထင်ထားထက်ကို ပိုပါတယ်နေခြည်ရယ်"ကျယ်ပြန့်တဲ့ ဘဝဇာတ်ခုံဝယ် မမောမပန်း ကကြိုးဆင်နိုင်တယ်ဆိုတာ ချစ်သူဆွဲတဲ့ မေတ္တာရွှေခြည်ကြိုးငယ်ကြောင့် ဖြစ်ပါလိမ့်မယ်။ တတိုင်းမွှေး(9/2/23) A/N- ဖတ်ရှုပေးတဲ့ အယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်။ တစ်ခုရှင်းစရာရှိလို့ပါ။ ဟိုအရင်ဘဝက နေခြည့်ရဲ့ ယောင်းမတော်စပ်သူက နေခြည်တို့ ဖေဖေလုပ်ကြံခံရပြီးတော့ နေခြည့်ကိုကိုကြီးသော်ဇင်လင်းလက်နဲ့ ကွာရှင်းခဲ့ပါတယ်။ နောက်ထပ် လက်ထပ်လိုက်တာက ခတ္တာခင်ရဲ့ ဝမ်းကွဲအစ်ကို(အမေတူ ဖအေကွဲလည်းဟုတ်ပါတယ်)နဲ့ပါ။ နေခြည်တို့မောင်နှမ အဲ့ဒီတုန်းက အရမ်းခက်ခဲခဲ့ပါတယ်။ ဒုတိယလွင်က သူတို့ ဆီမှာ ပြန်ဝင်စားပါတယ်။ ကလေးဘဝက မှတ်မိမိချင်း အဲ့ဒီမိသားစုဆီကနေထွက်လာပြီး ကိုကိုကြီးနဲ့ အမတ်မင်းကို သွားရှာတာပါ။ သော်ဇင်က ဇနီးဟောင်းမိသားစုဆီကနေ ကလေးကို စောင့်ရှောက်ခွင့်ရဖို့ အလဲအလှယ်လုပ်ခဲ့ပါတယ်။ အမှုကိစ္စတွေ ပြီးတဲ့နောက် ပိုင်ဆိုင်မှုတစ်ချို့နဲ့ အသက်ရှင်ခွင့်ကြောင့် အဲ့ဒီအမျိုးသမီးက လွင့်ကို ကိုကိုကြီးတို့လက်ထဲ အသာတကြည်ထည့်လိုက်တာပါ။ လွင်ကတော့ တခါမှ သူမတို့ကို မိဘလို့ သတ်မှတ်လို့မရအောင်ကို မုန်းတီးခဲ့တာပါ။ နေခြည်သိသွားပြီးတဲ့နောက်လည်း မဆက်သွယ်ခဲ့ပါဘူး။ လုံးဝကို သူစိမ်းတွေလို နေခဲ့တာပါ။ ဆိုတော့ကာ အချပ်ပိုတွေ ထပ်မလာနိုင်တော့ပါဘူး။ ဖတ်ရှုပေးတဲ့ အယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်ရှင်။ .......................................................................

ВЫ ЧИТАЕТЕ
ရွှေချည်ကြိုးဆွဲရာ(GL)
Подростковая литератураဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ