ရက်သတ္တပတ်နှစ်ပတ်ခန့်နေပြီးတဲ့ အခါ လွင်တို့အိမ်ကနေ ပြန်လာဖြစ်ခဲ့ကြသည်။ ကျန်ရှိနေသေးသော လက်စသတ်စရာများကို ရှင်းလင်းပြီးရင် အနာဂတ်အတွက် လူကြီးတွေကို စိတ်အေးစေရမယ်လို့ ကတိပေးခဲ့တဲ့အခါ နှစ်ယောက်သားပြန်ရရှိခဲ့တာက ဆုမွန်ကောင်းတွေသာ။ငယ်ရွယ်စဉ် ငယ်မက်ဟာ ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တာကိုသိတဲ့ လွင်က နေခြည့်ကို နယူးယောက်ကောလိပ်ကို ပြန်သွားစေချင်တယ်။ လက်ခံလိုက်တဲ့ နေခြည်ဟာလည်း အတူတူ သွားပါမယ်ဆိုတဲ့ ကတိကို ရအောင်တောင်းခဲ့သည်။ နှစ်ပေါင်းများစွာ စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့သူမို့ လွင့်ကို အနားယူစေချင်သည်။ "မင်းနဲ့ အတူရှိချိန်တိုင်းက ကိုယ့်အတွက်အားလပ်ရက်တွေပါနေခြည်ရယ်"ဒီလိုပြောလာတဲ့ ချစ်ရသူကြောင့် ကျေနပ်ပီတီဖြစ်ရတာလည်း သူကိုယ်တိုင်ပါပဲ။ နှစ်ယောက်သားအတွက်အထုပ်အပိုးတွေပြင်ဆင်ရတာကို အချိန်အတော်လေးပေးလိုက်ရသည်။ သုံးပုံတစ်ပုံလောက်က စားစရာတွေသောက်စရာတွေနဲ့ ပြည့်နေတာတောင် မကျေနပ်နိုင်သူကြောင့် လွင် ကိုယ်တိုင်ပဲ ဝင်လုပ်ရတော့သည်။ လက်ညှိုးလေးတထိုးထိုးနဲ့ ဒီအင်္ကျီလေးထည့်ပေးပါ၊ ဟိုမုန့်ထုပ်တွေပါပြီလားနဲ့ ခိုင်းစားတတ်သူလေးကြောင့် အရင်ချိန်တွေကို ပြန်သတိရမိသေးသည်။ "လွင် မှတ်မိသေးလား မြစ်ဆုံကို သွားတုန်းကလေ..... အတွင်းခံတွေထည့်တဲ့ အိတ်မေ့ကျန်နေလို့ နင်နဲ့ငါ ဟိုတယ်မှာ ရန်ဖြစ်ရသေးတယ်လေ" အဲ့ဒီတုန်းက အတွင်းဝတ်တွေကို ကြွပ်ကြွပ်အိတ်အနက်နဲ့ ထည့်ပြီးမှ လက်ခ်ျဂေ့ထဲကို ထည့်လေ့ရှိသူသည် မုန့်ထုပ်တွေကိုပါ အိတ်အမဲနဲ့ ထည့်ထားတော့ လွင်မှားယူမိတာပေါ့။ အေးစိမ့်နေတဲ့ မြစ်ဆုံမှာ ရေကူပြီးပြန်အလာ ဟိုတယ်ခန်းမှာ အဝတ်လဲမယ်ဆိုမှ အဓိကအရာတွေမပါတော့ နေခြည်လင်းလက်တစ်ယောက် အော်ငိုကာ ရစ်ပြန်သည်။ မနည်းချော့မော့ပြီးထားခဲ့ကာ လွင်ကိုယ်တိုင် အတော်ဝေးသော မြို့ထဲကို ညတွင်းချင်းသွားဝယ်ပေးရလေသည်။ နောက်တော့ သူတို့နှစ်ယောက်ခရီးထွက်တိုင်း လွင်ကပဲ စီစဉ်ကာ လိုအပ်သည်များကို ထည့်သိုပေးရသည်။ ရှေးဟောင်းနှောင်းဖြစ်တွေကို ပြန်ပြောလေတိုင်း သူဘယ်လောက်ဆိုးခဲ့ကြောင်းပေါ်လွင်လာတော့ နေခြည့်မှာ ချစ်ရသူကို မျက်နှာချိုသွေးကာ ချော့ရပြန်သည်။ "ဟိုးတုန်းကရော အခုရော နောင်ရော ငါ့အပေါ်ကောင်းတဲ့သူက လွင်မီမီခိုင်ဆိုတဲ့ ငါ့ကောင်မလေးပဲ ရှိတယ်" လက်မနှစ်ဖက်လုံးကို ထောင်ပြပြီး သူ့အနားပြေးလာသည့် ကောင်မလေးကို လွင် အလိုက်တသိထွေးပွေ့လိုက်သည်။ ....I just wanted you to know, that baby you the best ....အကြိုက်ဆုံးသီချင်းကို ဆိုညည်းလိုက်တဲ့ အခါ ရင်ခွင်ထဲက ကောင်မလေးကို လွင် နမ်းဖြစ်အောင် နမ်းလိုက်မိသည်။ ပါးပြင်ထက်မှာလည်း လာဗန်ဒါတွေ သင်းသည်။ "ကိုယ်ကတော့ ကောင်းကင်ဘုံကို သွားရမယ်ဆိုရင်တောင် မင်းမရှိရင် ပြန်လှည့်ခဲ့မှာ နေခြည် သိရဲ့လား အချစ်ရဲ့" "ငါကတော့ ပြန်မလှည့်ဘူးလွင် ...ဘုရားသခင်ဆီမှာ တောင်းဆိုမယ် ငါနဲ့အတူ ချစ်ရတဲ့ ငါ့အမျိုးသမီးကို ခေါ်ဆောင်ခွင့်ပြုဖို့ပေါ့ အဟင်း...Dear Lord, when I get to heaven, please let me bring my woman ....my lady , လွင်" အနှောင့်အယှက်တွေမရှိတဲ့အခါ လွတ်လပ်စွာရယ်မောကြတယ်။ တစ်ယောက်ရဲ့ မျက်ဝန်းထဲမှာ တွေ့ရတဲ့ ပုံရိပ်ကို တစိမ့်စိမ့်ကြည့်ပြီး မြတ်နိုးခြင်းတွေကို ပုံဖော်ကြတယ်။ လူတစ်ယောက်ကို မေတ္တာသက်ဝင်ပြီးနောက် အဲ့ဒီလူအတွက် ဘယ်လောက်ပဲ နာကျင်စွန့်လွှတ်ခဲ့ရပါစေ ရက်ရောစွာစွန့်ကျဲပေးကမ်းလာတဲ့ အပြုံးတစ်ပွင့်ကြောင့် အားလုံးကို ခဝါချလို့ ပိုတိုးကာ ချစ်ရပြန်တယ်။ ဆန်းကြယ်လွန်းသည့် ချစ်ခြင်းမေတ္တာမည်သည် ထို့ထက်မက အစွမ်းရှိလေသည်မဟုတ်ပါလား။ "ဧည့်သည်ရောက်နေပါတယ် မမနေခြည်နဲ့တွေ့ချင်လို့ပါတဲ့" ကောင်မလေးတစ်ယောက်က လာပြောတော့ သူတို့ထူးဆန်းစွာ တစ်ယောက်ကို တစ်ယောက်ကြည့်မိကြသည်။ ကိုကိုကြီးနဲ့ အမတ်မင်းတောင် မရှိတာမို့ ဘယ်သူက နေခြည့်ကို တွေ့ချင်ပါသလဲ လွင် စဉ်းစားမရ။ "ဧည့်သည်က နှစ်ယောက်ပါ နောက်တစ်ယောက်က မမလွင်နဲ့ တွေ့ချင်တာပါတဲ့" မှန်အကြည်တွေ ကာရံထားသည့် အခန်းနံရံကနေကြည့်လိုက်တော့ ခြံဝန်းထဲက မြက်ခင်းပြင်မှာ ရပ်နေသည့် အမျိုးသမီးနှစ်ဦး။ ခတ္တာခင်နဲ့ သူ့အဖိုးရဲ့ အတွင်းရေးမှူး သို့မဟုတ် လွင့်ရဲ့ နှစ်ထပ်ကွမ်းသူလျို။ "ငါ ခတ္တာနဲ့တွေ့ချင်တယ် လွင် နော် ...နောက်ဆုံးအကြိမ်ပါ ...သူလည်းတစ်နည်းနည်းနဲ့တော့ စိတ်မကောင်းဖြစ်နေမှာပဲ သူ့ကို ပြောစရာစကားလေးရှိလို့ပါ""အင်းပါ ကိုယ်လွှတ်လိုက်မယ် မင်းဒီကပဲစောင့် ...ဂရုစိုက်နော် အချစ်" "စိတ်မပူပါနဲ့လွင်ရဲ့ ခတ္တာက ငါ့ကို ဘာမှမလုပ်လောက်ပါဘူး" ချစ်ရသူလေးဟာ စိတ်ထားဖြူစင်လွန်းတော့ လွင်ကပဲ အစိုးရိမ်လွန်သူကြီးဖြစ်ရပြန်တယ်။ အခန်းထဲက ဆိုဖာခုံပေါ်မှာ ကျန်နေခဲ့သူလေးကို အခန်းဝကနေ လွင် ပြန်လှည့်ကြည့်မိသည်။ အကြည့်ချင်းဆုံသွားတော့ နှုတ်ခမ်းပါးလေးကို စုထော်ပြီး ဖလိုင်းကစ်ပေးလာသည်။ တကယ့်ကို ကလေးလေးလိုပဲ ချစ်စရာကောင်းတယ် နေခြည်ငယ်ရယ်။ ဒီလို အတတ်ကလေးက ကိုယ့်ကောင်မလေးဖြစ်နေတော့လည်း လွင်တို့ ကြံဖန်ဂုဏ်ယူရတာပါပဲလေ။ "ခတ္တာခင်"အနက်ရောင်တွေချည်းပါတဲ့ ဝတ်စုံအပြည့်နဲ့ ခတ္တာခင်က လွင့်ကို မရယ်မပြုံးဘဲနဲ့ ပြန်ကြည့်လာသည်။ နောက်ပါးက အမျိုးသမီးကတော့ လွင့်အကြည့်ကို ရင်မဆိုင်ရဲဘဲ မျက်လွှာချသွားသည်။ "မ,ကို လာနှုတ်ဆက်တာပါ မ, ပြန်သွားတော့မယ်ဆိုလို့" "ဟုတ်တယ် တို့နှစ်ယောက်လုံးအတူသွားမှာ မင်းက ဒီမှာပဲ ကျန်နေခဲ့မယ်ဆိုလို့ ဝမ်းသာပါတယ်" "အင်း ဆိုပါတော့ ...တွေ့ခွင့်ပေးပါ မ,ကို နောက်ဆုံးအကြိမ်နှုတ်ဆက်ရင်း ကိုယ်တိုင် ကိုယ်ကျ တောင်းပန်ချင်လို့ပါ" "နေခြည့်ကို ဘာမှ မထိခိုက်စေဘူးဆိုရင် တွေ့ခွင့်ရမယ်" "အဟွန့်....မပိုင်ဆိုင်ရပေမယ့်လည်း အခုထိချစ်နေဆဲမို့ လုံးဝဆံခြည်တစ်ပင်တောင် မထိစေရပါဘူး ဒေါ်လွင်မီမီခိုင်ရဲ့ ...အော် ပြီးတော့ သူက ခင်ဗျားကို ပြောစရာရှိလို့လိုက်လာတာတဲ့....ရှင် သူ့ကို ပြောစရာရှိတာ အကုန်အပြတ်ရှင်းခဲ့တော့ မ,ကိုသွားတွေ့လိုက်ဦးမယ်" ခတ္တာ သူ့နောက်က ပါလာသည့်အမျိုးသမီးကို လှည့်ကာ ပြောလိုက်တော့ တဖက်က ခေါင်းညိတ်ပြသည်။ လွင်က ကောင်မလေးတစ်ယောက်ကို နေခြည့်အခန်းရှိရာ ခေါ်သွားပေးဖို့ပြောလိုက်သည်။ မသွားခင် ခတ္တာက လွင့်ကို ကြည့်ကာ...."ကျေးဇူးတင်ပါတယ် ဒေါ်လွင်မီမီခိုင်" နှုတ်ခမ်းစွန်းလေး ကွေးရုံပြုံးပြီး ပြောသွားတဲ့ ကျေးဇူးတင်စကားကို လွင် မတုံ့ပြန်မိပါ။ ခြံထဲက ကျောက်စားပွဲလေးမှာ ဝင်ထိုင်လိုက်တော့ ကျန်ခဲ့သည့် အမျိုးသမီးပါ သူမနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။ "ဘာပြောစရာကျန်သေးလို့လဲ" ခေါင်းငုံ့သွားတဲ့ အမျိုးသမီးဟာ လွင့်ကို ရင်မဆိုင်ရဲစွာ ခေါင်းငုံ့သွားပြန်သည်။ စားပွဲပေါ်မှာ တင်ထားသည့် လက်နှစ်ဖက်ကို အချင်းချင်းပွတ်သပ်လျှက်ရှိပြီး တစ်ခုခုကို ဂနာမငြိမ်ခံစားနေရသလိုလို။ "ဟို အမှုတွဲထဲမှာ ပါတဲ့ကျွန်မနာမည်ကို...""စိတ်မပူပါနဲ့ လုံးဝမထည့်ပါဘူး ...တကယ်တော့ နေခြည်က ရှင့်ကလေးလေးကို မိဘမဲ့ မဖြစ်စေချင်လို့တဲ့ ကျွန်မကို တောင်းဆိုထားတာ" "ကျေးဇူးတင်ပါတယ် နေခြည်လေးကိုရော မင်းကိုရောပါ" အဲ့ဒီအမျိုးသမီးနဲ့ စကားပြောနေတုန်း လွင်နောက်ကို လှည့်ကာ အိမ်ထဲလှမ်းကြည့်လိုက်သည်။ ခတ္တာခင်နှင့် နေခြည်ငယ်ဟာ သူတို့ရှိရာကို မျက်နှာမူကာ စကားပြောကြဟန်တူသည်။ လွင်လှည့်ကြည့်တာကို မြင်တော့ ကလေးတစ်ယောက်လို လက်ပြနှုတ်ဆက်ပြန်သည့် နေခြည်။ လွင်လည်း သဘောတကျရယ်လိုက်ရင်း ရှေ့ကို ပြန်လှည့်လိုက်သည်။ တော်ကြာ သူတို့နှစ်ဦးချစ်ကြည်နူးတာကို ကြည့်ပြီး နောက်ဆုံးနှုတ်ဆက်ဖို့လာသူလေး စိတ်ဒါဏ်ရာရသွားနိုင်သည်။ ခတ္တာတစ်ယောက် ဘေးတိုက်အနေအထားဖြင့် မြင်နေရသည့် မ,ရဲ့ မျက်နှာပေါ်က အပြုံးတွေကြောင့် သူလည်း လိုက်ပြုံးမိသည်။ တခါမှ သူနဲ့ဆိုရင် အဲ့ဒီလိုပြုံးတာရယ်တာမမြင်ဖူးဘူး။ ဒါဟာ လွင်မီမီခိုင်ဆိုတဲ့ အမျိုးသမီးဖန်ဆင်းတဲ့ နေခြည်လင်းလက်ရဲ့ မူပိုင်အပြုံးပဲဖြစ်ရမည်။ နောက်ဆုံးတော့ အချစ်စစ်ဆိုတာ ဒါလား။ ခါးသက်စွာ ရယ်မိသည်က စိတ်ထဲတွင်သာဖြစ်သည်။ လွင်ထံမှ အပြုံးတို့ပြန်ရုတ်သိမ်းမိချိန် ဘေးနားကကောင်မလေးကို ကြည့်လိုက်တော့ ခေါင်းငုံ့ကာ ပြုံးယောင်ယောင်လေးဖြစ်နေသည့် ခတ္တာကို တွေ့ရသည်။ခတ္တာလေးက ရယ်လိုက်ရင် သိပ်လှတာပဲကို။ စကားစရှာမရအောင် အားနာနေသူကို စိတ်သက်သာရာရစေရန် နေခြည် ကြိုးစားမိသည်။ "ခတ္တာခင် လာနှုတ်ဆက်တာဆိုပြီး ဒီလိုပဲခေါင်းကြီးငုံ့နေတော့မှာလား ဟမ်"နေခြည့်စကားကြောင့် ဖျတ်ခနဲမော့ကြည့်လာတဲ့ မျက်ဝန်းတွေမှာ စိုစွတ်ထိုင်းမှိုင်းနေသည်။ နီရဲနေတဲ့ မျက်သားတွေက ဘယ်လောက်တောင် ငိုထားသလဲ သိသာသည်။ ဒီကောင်မလေးကိုလည်း သောကပင်လယ်က လွတ်မြောက်စေချင်သည်။ နေခြည် ခြေတစ်လှမ်းတိုးကာ ပွေ့ဖက်လိုက်တော့ ယိုင်နဲ့နဲ့ ကိုယ်ခန္ဓာလေးက သိမ့်သိမ့်တုန်အောင် ငိုကြွေးတော့သည်။ "မငိုပါနဲ့တော့ ခတ္တာရယ် ... အားလုံးက ကြိုတင်မမြင်နိုင်တဲ့ ကံတရားရဲ့ ရိုက်ခတ်မှုတွေပါ အားလုံးပြီးသွားပါပြီနော်" "တောင်းပန်ပါတယ် တောင်းပန်ပါတယ် မ, တကယ်စိတ်ရင်းနဲ့ကိုတောင်းပန်ပါတယ် မ,ရယ်" "အားလုံးကို ခွင့်လွှတ်ပါတယ် မင်းကိုယ်တိုင်ရခဲ့တဲ့ စိတ်ဒါဏ်ရာတွေနဲ့တောင် ပင်ပန်းလွန်းနေပြီ အခုကစပြီး စိတ်အေးလက်အေးနေပါတော့" ရွေးချယ်ခွင့်မရှိတဲ့ ကံတရားနဲ့ မွေးဖွားလာသူလေးကို နေခြည်ဘာကြောင့်များ အပြစ်တင်ရက်မလဲ။ နောက်ဆုံးအကြိမ်အဖြစ်တွေ့ဆုံခြင်းမှာ အဆုံးစွန်သော ခွင့်လွှတ်မှုများဖြင့် ကျန်ရှိနေသော ဘဝကို စိတ်အေးစွာဖြတ်သန်းနိုင်ပါစေခြင်းငှာ နေခြည် ထိုကောင်မလေးကို ပွေ့ဖက်နှစ်သိမ့်လိုက်သည်။ နောက်ကျောပြင်လေးကို ခပ်ဖွဖွပုတ်ပြီး နှစ်သိမ့်ပေးလိုက်တော့ ကိုယ့်ကို ပြန်လည်ထွေးဖက်ထားပြန်သည်။ "အားလုံးကိုမေ့လိုက်ပါတော့ကွယ်" "တောင်းပန်ပါတယ် မ,ရယ်"မျက်နှာချင်းဆိုင်စေလိုက်ပြီး တောင်းပန်စကားတတွတ်တွတ်ရွတ်နေသူလေးအား နေခြည် အကြည်လင်ဆုံးပြုံးပြလိုက်သည်။ မျက်ဝန်းထောင့်က ခိုကပ်နေသည့် မျက်ရည်တွေအားလည်း တယုတယ ဖယ်ရှားပေးခိုက် ....နေခြည် မြင်လိုက်ရသောမြင်ကွင်းကို အကြည့်မလွှဲနိုင်။ သေးငယ်သည် ဆိုပေမယ့် ပြတ်သားလွန်းသည်။ "မဟုတ်ဘူးမလား အမြင်မှားတာမလား" နောက်ကျောပေးထားသည့် အိမ်အပြင်ဘက်က ခြံဝန်းထဲမှာ ရှိနေသည့် လွင်...သူ့ရဲ့လွင်က မြင်နေရတုန်းမှာပဲ မြက်ခင်းပေါ်လဲကျသွားသည်။ နေခြည်နဲ့ နီးကပ်လွန်းနေသည့် ခတ္တာခင်ရဲ့ မျက်ဝန်းထဲမှာ ရောင်ပြန်ဟပ်နေသည့် ပုံရိပ်လွှာကို နေခြည် မလွတ်တမ်းငေးနေမိသည်။ သူမြင်လိုက်ရတာ တကယ်ပဲလား။ တုံ့ပြန်ချက်နှေးနေသည့် ကိုယ်ကို ထိန်းရင်း နောက်ပြန်လှည့်ကြည့်လိုက်တော့.....ကိုယ့်နားထင်ကို သေနတ်နဲ့ထောက်ကာ ပြန်ပစ်လိုက်သည့် ဧည့်သည်အမျိုးသမီး....ပြီးတော့ သွေးတွေနဲ့ လွင် ။ "မဟုတ်ဘူးမလား ....ငါအမြင်မှားတာပဲဖြစ်ပါစေ"ခြေလှမ်းတွေကို ဘယ်လိုလွန်လာမှန်းမသိ။ သူ့လက်ကို ဆွဲကာတားနေသူကိုလည်း ဂရုမစိုက်နိုင်...သေချာတာကတော့ အခုနကတယုတယသုတ်ပေးသည့် ပါးပြင်တဖက်ကို အားပါပါလွှဲရိုက်လိုက်မိသည်။ မြက်ခင်းပြင်ပေါ်ကို ခြေဗလာနဲ့ ပြေးလာခဲ့မိသည်ထင်ရဲ့။ အသံတိတ်ပြောင်းတပ်ထားသည့် သေနတ်ကိုကိုင်ကာ အသက်မဲ့နေပြီဖြစ်သော အမျိုးသမီးရဲ့ဘေးမှာ အားယူပြီး ထ,လာသည့် သူ့ရဲ့ လွင်။ ရင်ဘတ်တစ်ခုလုံးသွေးတွေ ရွဲနေတာတောင် သူ့ကိုမြင်တော့ အပြုံးတစ်ချက်ပေးပြန်သည်။ "လွင် လွင် ဘာမှမဖြစ်ရဘူးနော် လွင်"ဘာမှမဖြစ်စေချင်တာကိုယ်ဆန္ဒမို့ သူကလည်း အားတင်းပြီး လိုက်လျောတယ်ထင်ပါရဲ့။ ရင်ခွင်ထဲကို ပုံခနဲ ခွေကျလာသူသည် ဘယ်လောက်တောင် တောင့်ခံထားတာဖြစ်မလဲ။နောက်က ရောက်လာတဲ့ အိမ်အကူတွေဟာလည်း မြက်ခင်းပြင်ပေါ်က မြင်ကွင်းကြောင့် တအံ့တဩ ယောက်ယက်ခတ်နေသည်။"ကယ်ကြပါ တစ်ယောက်ယောက် ဆေးရုံကားခေါ်ပါ လွင် လွင် ငါနင့်ကို ဆေးရုံခေါ်သွားမယ်လာ ထ ထ" "နေ..ခြည်" ကြိုးစားပြီးထွက်လာတဲ့ စကားတစ်ခွန်းဆုံးတော့ ပါးစပ်က အန်ထွက်လာသည့် သွေးရဲရဲတွေဟာ လွင့်ကိုယ်ပေါ်သာမက နေခြည့်ကိုပါ စွန်းထင်းသွားသည်။ နေခြည် ယောင်နနဖြင့် ရေတွက်ကြည့်မိတော့ သွေးစိမ့်ထွက်နေတဲ့ အပေါက် ငါးခုက လွင့်ရင်ဘတ်တဝိုက်မှာ အတိအကျပဲ။ နီးကပ်လွန်းတဲ့ ပစ်မှတ်မို့လားမသိ အားပြင်းပြင်း ထိုးဖောက်သွားတဲ့ ကျဉ်ဆန်တွေဟာ လွင့်ကို ပိုနာကျင်စေလိမ့်မယ်။ "လွင် လွင် ဘာမှမဖြစ်ဘူးနော် ဘာမှမဖြစ်ဘူးမလားဟင်" သွေးစွန်းနေတဲ့ လက်တဖက်က နေခြည့်ပါးပြင်ပေါ်က မျက်ရည်စီးကြောင်းများကို လာဟန့်တားသည်။ အဲ့ဒီလက်ကို နေခြည်ဆုပ်ကိုင်မိချိန် အေးစက်မှုတစ်ခုက လာရောက်ထိပါးသည်။ ကြောက်တယ် ....အေးစက်စက်အထိအတွေ့ကို သိပ်ကြောက်ပါသည်။ တားဆီးမရတဲ့ မျက်ရည်စီးကြောင်းဟာ လွင်ဆိုတဲ့ အမျိုးသမီးကို ပိုနာကျင်စေမလားမသိ...ကိုယ်ပေါ်က တစိမ့်စိမ့်ထွက်လာတဲ့ သွေးတွေနဲ့ အပြိုင် ချစ်ရသူထံမှ အကြည့်မလွှဲမိတဲ့မျက်ဝန်းတွေမှာပါ မျက်ရည်တွေ ထွန်းအိုင်လို့။ နှစ်ယောက်စလုံး အပြိုင်ငိုနေခဲ့ကြသည်။ "နေ...ခြည်.... ရှေ့လျှောက်လဲ ပျော်အော်နေပါနော်.....""နေမှာ နေမှာ နင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင် အကြာကြီးနေဦးမှာမို့ ဘာမှမဖြစ်ပါနဲ့နော်" မနိုင့်တနိုင်နဲ့ ပွေ့ထူဖို့လုပ်တော့ ခေါင်းရမ်းကာ အသာအယာတားသည်။ တင်းကြပ်နေအောင် ဆုပ်ကိုင်ထားတဲ့ လက်တဖက်က ပိုအေးစက်လာတာကိုလည်း နေခြည် သတိမထားမိ။ "ချစ်တယ် ကိုယ့်နေခြည်ငယ်"အထစ်အငေါ့မရှိပြောထွက်လာတဲ့ စကားတစ်ခွန်းဆုံးတော့ နေခြည့် ရင်ခွင်ထဲက အမျိုးသမီးငယ်ဟာ မျက်ဝန်းတွေ ပိတ်ကျသွားသည်။ အေးစက်နေတဲ့ လက်တစုံကို နေခြည် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိပေမယ့် လက်ကောက်ဝတ်နားလေးက လှုပ်ရှားမှုလေး ရပ်တန့်သွားတာကိုတော့ မတားနိုင်ခဲ့။ လွင် ထွက်သွားခဲ့ပြီနေခြည်လင်းလက်ရဲ့ လွင် ..... သေမင်းနဲ့ အကြိမ်ကြိမ်ရင်ဆိုင်ကြုံတွေခဲ့ဖူးတဲ့ လွင်....အခုတစ်ခါတော့ အပြီးပိုင်ထွက်သွားခဲ့ပြီလို့ သူများတွေက ပြောတယ်။ မဟုတ်ဘူးမလား လွင်။ လွင်က ငါ့ကိုချန်ရစ်ထားပြီး ဘာလို့ ထွက်သွားရမှာလဲ ငါ အိမ်မက် မက်နေတာမဟုတ်လား လွင်ရယ် နာကျင်လွန်းတဲ့ အခါ ငိုသံတွေ ဆိတ်သုဉ်းသွားတတ်သည်။ မယုံကြည်နိုင်ပါ။ သူမရဲ့ လွင်က ပြန်လာမှာ... ဟိုးတုန်းကလိုပဲ နေခြည့်ဆီ အရောက်ပြန်လာဦးမှာပါ။ လွင် ငါအိမ်မက်ဆိုးမက်နေတာ .... မြန်မြန်လာနှိုးပါတော့တတိုင်းမွှေး(1/2/23)A/N- နောက်တပိုင်းကို မဖတ်ခင် အသက်ဝဝ ရှူသွားဖို့ အကြံပေးပါရစေ။
YOU ARE READING
ရွှေချည်ကြိုးဆွဲရာ(GL)
Teen Fictionဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ