လက်ပတ်နာရီကို ငုံ့ကြည့် လိုက်တော့ ညနေ ငါးနာရီထိုးလုပြီမို့ သောက်လက်စ ဆေးလိပ်ကို နင်းချေပြီး ခြေလှမ်းတွေက မြေအောက်ရထား ဘူတာရုံဆီသို့ ဦးတည်လိုက်သည်။ အမေရိကန်လို လွတ်လပ်တဲ့ နိုင်ငံရဲ့ ဘယ်နေရာမှာမဆို သူလို အသက်ပြည့်ပြီးသူတစ်ယောက်အတွက် ညနေ ငါးနာရီဟာ နောက်ကျလို့ မဖြစ်တဲ့ အိမ်ပြန်ချိန်ဆို ရယ်စရာကောင်းနေမလား။ ဒါပေမယ့် သူဟာ သူများနဲ့ မတူ ... အိမ်အပြန်ကို စောင့်ကြိုနေသူ တစ်ဦးတစ်ယောက်ရှိလေသည် မဟုတ်ပါလား။ သူ့ကို စောင့်နေတာ ဟုတ်ဟုတ် မဟုတ်ဟုတ် သူကတော့ အချိန်တန်ရင် ထို တစုံတယောက်ရှိနေတဲ့ အိမ်ကို ပြန်ရောက်ရပါမှ လုံခြုံတယ်လို့ ခံစားရသည်။ သူ့ကို မွေးထားတဲ့ မိဘတွေတောင် မပေးနိုင်တဲ့ လုံခြုံမှု့ထက်ပိုသော နွေးထွေးမှု့ မေတ္တာ တရားတွေကို ပေးစွမ်းသူအား မြတ်နိုးစွာ ခေါ်ဝေါ်မိပါ၏ ..." မ" တဲ့။
ရုံးဆင်းချိန်မို့ လူသွားလူလာ ကျပ်တဲ့ မြေအောက်ရထားဟာ သူ့ "မ" ပြောတဲ့ မွေးရပ်မြေက ဘတ်စ်ကားလောက်တော့ မဆိုးဘူးဟု သိရသည်။ နောင်တချိန်ကျရင်တော့ မ နဲ့အတူ မွေးရပ်မြေကို တခါလောက် ရောက်ဖူးချင်သည်။ အတည်တကျတော့ မနေချင်ပါ။ ထိုနိုင်ငံဟာ သူ့အတွက်ရော "မ" အတွက်ပါ နာကျင်စရာ အတိတ်ဆိုးတွေ ရှိနေခဲ့သောကြောင့်ဖြစ်သည်။ ခပ်စိတ်စိတ် စိုက်ထားတဲ့ ဝက်သစ်ချပင်တွေရှိတဲ့ လမ်းငယ်ဟာ သူ့အိမ်ပြန်လမ်း။ နီးလာပြီဖြစ်သော အိမ်သို့ မရောက်ခင် ခြေလှန်း နှစ်ဆယ်လောက် အလို ပါးစပ်ထဲက အချိုကုန်နေသည့် ပီကယ်အား အမှိုက်ပုံးရှာပြီး ထွေးထုတ်ရပြန်၏။ "မ" က ဆေးလိမ်မသောက်ရန် တားမြစ်ထားသည် မဟုတ်ပါလား။ ဆေးလိပ်အနံ့ရမှာ စိုးလို့ ပီကယ်နဲ့ ဖျောက်ပါသော်လည်း လျင်လွန်းသည့် "မ" က ပီကယ်ဝါးတာ တွေ့ရင် သိနေပြန်သည့် အတွက် လက်စဖျောက်ရပြန်သည် ။
အကယ်၍ "မ"သာ ဆေးလိပ်ထက် ပိုနက်ရှိုင်းတဲ့ ယစ်မူးဖွယ် တခုကို ပေးလျှင် သူ ဘယ်တော့မှ ဆေးလိပ်ကို ထိတွေ့တော့မည် မဟုတ်။အဆောက်အဦးထဲရောက်တော့ မျက်မှန်းတန်းနေပြီဖြစ်သည့် အိမ်ယာစောင့်ကိုတောင် အပြုံးလေးနှင့် နှုတ်ဆက်ခဲ့သည်။ တကယ်တော့ အရင်က သူဟာ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတဲ့သူ ။ "မ"နဲ့ တွေ့ပြီးမှ "မ"ရဲ့ ဆုံးမသြဝါဒတွေကြောင့် ဖော့ဖယောင်းလို ပျော့ပြောင်းခဲ့ရသူ။ ဒီလောက်အထိ လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ နှစ်ယောက်ထဲ နေပေမယ့် ကျယ်ဝန်းလှတဲ့ တိုက်ခန်းဖွဲ့စည်းပုံကြောင့် အိမ်ထဲ ဝင်ဝင်ချင်း "မ"ကို မတွေ့ရတာဟာ ဘဝင်မကျစရာ ကောင်းလှပါရဲ့။ အညှော်စုပ်စက်တပ်ထားတာတောင် သင်းပျံ့တဲ့ ဟင်းရနံ့တွေကြောင့် "မ" တယောက် မီးဖိုခန်းထဲမှာ ရှိနေကြောင်း သိရတော့ အပြေးလေး ရောက်သွားရသည်။ သူ့ကို ကျောပေးကာ တလှုပ်လှုပ်နဲ့ ချက်ပြုတ်နေသည့် "မ"ဟာ ရင်အေးစရာလေး။

BẠN ĐANG ĐỌC
ရွှေချည်ကြိုးဆွဲရာ(GL)
Teen Fictionဘဝဇာတ်ခုံမှာ မေတ္တာရွှေခြည်ကြိုးဆွဲရာ အသုံးတော်ခံမယ် .....ပဲ့ကိုင်ရှင်က မင်းဖြစ်ပါစေ