Unicode
ရဲရဲပိုင်ဆိုတဲ့ကောင်လေးက ချစ်ဖို့ကောင်းတဲ့ omega လေးဖြစ်ပြီး မကြာခဏဆိုသလို သူ့ရဲ့ မြောက်မြားစွာသော ကိုကိုတွေက ကျောင်းကိုလိုက်လိုက်လာကာ ပြဿနာရှာတတ်တယ်။ အချိန်တိုင်း သွေးသက်ကလည်း တည်ငြိမ်စွာကိုင်ကိုင်ပေါက်ပြနေတော့ နောက်ပိုင်း ရဲရဲနားကို ဘယ်ကိုကိုကမှ ရဲရဲမခေါ်ရင် မလာရဲကြတော့ဘူး။
နာမည်ကတ်ပြားတွေရလာခဲ့ပေမဲ့ သူက သွေးသက်ရဲ့ဟာကို မကြည့်လိုက်ရလို့ အနည်းငယ် မကျေမနပ်ဖြစ်နေတယ်။ အမှန်တော့သူက သွေးသက်ရဲ့ ဒုတိယလိင်အမျိုးအစားကို သိချင်တာဖြစ်ပြီး ဒဲ့မေးဖို့ကလည်း အားနာစရာအရမ်းကောင်းနေတယ်။ အဲ့နေ့က ကန်တင်းမှာ ကိုင်ပေါက်ပစ်ခဲ့တဲ့ အခြေအနေတစ်ရပ်ကြောင့် ရဲရဲနဲ့သွေးသက်ကို တော်တော်များများကအထင်လွဲသွားတာမို့ အားလုံးဟာ သွေးသက်ကို Alpha မဟုတ်ရင် Beta လို့ပဲမှတ်ယူထားကြတယ်။
ညနေပိုင်းနောက်ဆုံးစာသင်ချိန်ကိုရောက်တော့ အတန်းပိုင်က အခန်းထဲဝင်လာပြီး A,Oနဲ့Bတွေကို တစ်လိုင်းဆီခွဲစီထားကြဖို့ ပြောလာတယ်။ ဘယ်သူမှမထင်ထားတာက သွေးသက်က ရုပ်တည်ကြီးနဲ့ O လိုင်းမှာဝင်စီမယ်ဆိုတာပဲ။ သူ့ရဲ့အရပ်ရှည်ပြီး ကျစ်လျစ်တဲ့ ခန္ဓာကိုယ်ကြောင့် O တွေရဲ့အတန်းမှာ တစ်ယောက်ထဲ ထူးခြားစွာထင်ရှားနေတော့တယ်။ ကုတ်အဖြူရောင်ကိုဝတ်ထားတဲ့ ဆရာဝန်မတစ်ယောက်က လိုင်းတွေကို လိုက်စစ်ဆေးနေပြီး အရေအတွက်ကိုအကြမ်းဖျင်းမှတ်သားနေပုံပေါ်တယ်။ သူမက သွေးသက်ရှေ့ကိုရောက်တော့ ရုတ်တရက်ရပ်တန့်သွားပြီး
"မှားစီတာလား"
သွေးသက်က ဘာမှပြန်မဖြေဘူး။ ကီဝီစိမ်းရောင် မျက်ဝန်းဖျော့ဖျော့တွေက ဆရာဝန်မလေးကို တစ်ချက်လွှဲကြည့်လာတယ်။ သဘောပေါက်မြန်တဲ့ ဆရာဝန်မလေးက အံ့အားသင့်သွားသလိုမျက်နှာလေးနဲ့ တောင်းပန်လိုက်တယ်။
"တောင်းပန်ပါတယ် ရုတ်တရက်ဆိုတော့ မတွေးလိုက်မိဘူး"
"အင်း"
သွေးသက်ရဲ့ "အင်း" က မကောင်းတတ်လို့ ပြန်ပြောတာမှန်း ရဲရဲသိတယ်။ အနောက်ကိုဆတ်ခနဲလှည့်ကြည့်လိုက်တော့ ကီဝီစိမ်းရောင်မျက်ဝန်းဖျော့ဖျော့တွေနဲ့ ရင်ဆိုင်လိုက်ရတယ်။