Unicode
"အခြေအနေ?"
"ကောင်းတယ် အရမ်း"
ပျော်နေပုံရတဲ့ သားဖြစ်သူကိုကြည့်ရင်း လင်းထိုက်လွန်က ပိုကိုပိုတယ် ဆိုတဲ့သဘော မျက်မှောင်ကျုံ့၏။ London ကို ဗြုန်းစားကြီး ထွက်သွားလို့ မြေးမလေးကိုလွမ်းရတာ တမေ့တမော။ အချိန်ကွာဟချက်ကလည်းရှိနေသေးတော့ သူတို့အားတဲ့အချိန်ကိုတိုက်ပြီး video call ပြောရသည်။ အဓိကအကြောင်းအရာကတော့ မြေးလေးကိုတွေ့ချင်တာပင်။
ဖုန်းမျက်နှာပြင်မှာမြင်နေရတဲ့ ဓာတုလွန်က အဝတ်တစ်ချို့ကိုခေါက်နေပြီး ဘေးမှာ သက်သျှန်လေးက ငုတ်တုပ်လေးထိုင်နေသည်။ London မှာ ဘယ်ကနေဘယ်လို သနပ်ခါးကိုရအောင်ရှာပြီး လိမ်းထားပေးလဲမသိပေမဲ့ သက်သျှန်လေးရဲ့ ပါးပြင်မှာတော့ ဖွေးဖွေးလှုပ်လျက်။
"အဖေ့မြေးက လူဆိုးကောင်၊ သွေးသက် ရှိနေရင် တဂျီဂျီတဂျစ်ဂျစ်နဲ့ ဘယ်သူမှမရှိတော့ဘူးဆိုကာမှ ငြိမ်ကုပ်နေတာ"
"ငါ့မြေးကို ကောင် တွေနဲ့မပြောစမ်းနဲ့ မွေးထားတာ မိန်းကလေး၊ ကြီးလာမှ ဟုတ်ပေ့ဖြစ်နေမယ် ကလေးရှေ့မှာ အသုံးနှုန်းဆင်ခြင်"
"ဟုတ်ကဲ့ပါ.."
ဓာတုလွန်က အတွင်းခံဘောင်းဘီတွေ ခေါက်နေတာဖြစ်ပြီး တစ်ချက်ကြည့်လိုက်တာနဲ့ သွေးသက်မင်းဆက်ရဲ့ဟာတွေ ဖြစ်ပုံရတာသိသာလွန်းတယ်။ သူ့ရဲ့ ခပ်ဂျစ်ဂျစ် သမက်ကလေးက ကျောင်းသွားချိန်တွေဆို ဓာတုလွန်က သူ့ကိုဖုန်းခေါ်ပြီ။ ဖုန်းခေါ်တိုင်းလည်း အယ်လ်ဖာက အိမ်မှုကိစ္စတွေနဲ့လုံးပန်းနေပြီး သက်သျှန်လေးကတော့ သူ့အဖေကိုခေါင်းလေးလည်အောင် လိုက်ကြည့်နေတာပါပဲ။
"ငါ့မြေး မွေးနေ့ကျရင်တော့ ပြန်လာခဲ့ကြဦး၊ မင်းတို့လင်မယားက ကလေးကိုငါတို့နဲ့ခွဲထားတာ"
"အဲ့လောက်ချစ်နေရင်လည်း ခေါ်ထားလိုက်ပါလား အဖေရာ။ သွေးသက်ကိုစာလုပ်မရအောင် နှောင့်ယှက်လွန်းလို့...ငပေတူးလေးက..ချီးထုတ်လေး"
သက်သျှန်လေးကို ထိုင်ရက်သားလေး ဆွဲမလိုက်ပြီး ဓာတုလွန်ကပေါင်ပေါ်တင်ကာ ခါးလေးကိုလက်ညိုးနဲ့ထိုးတယ်၊ တခိခိနဲ့ရယ်မောလာတဲ့ ကလေးလေးက ကော့ထိုးရုန်းကန်လို့။