Unicode
"ကလစ်!"
"အမလေး!"
"..."
"ဓာတုလွန်..မင်းအခုထိဘာလုပ်နေတာလဲ??"
အိမ်ကိုပြန်ရောက်လို့ မီးဖွင့်ဖွင့်ချင်းပဲ အမှောင်ထဲထိုင်နေတဲ့ အယ်လ်ဖာကိုတွေ့ရသည်။ မျက်နှာကညိုးကျနေကာ အားပြတ်နေသည့်သူတစ်ယောက်လို။ သွေးသက်ကိုမြင်တော့ ဝမ်းပန်းတနည်းမော့ကြည့်လာပြီး
"ကိုယ်အိမ်ပြန်မလို့လုပ်ပါသေးတယ် ဒါပေမဲ့ ကိုယ်..ကိုယ်မပြန်ချင်ဘူး၊ မင်းရဲ့ဖယ်ရိုမုန်းလေးနည်းနည်းလောက်ပေးပါလား ကိုယ်အားအရမ်းပြတ်နေလို့ပါ"
ဓာတုလွန်က သူ့ကိုလာနောက်နေတာလား၊ ကျားကိုးစေ့စားမကုန်တဲ့ ကိုယ်ကြီးက အားပြတ်တာ??
သို့ပေမဲ့ သွေးသက် ဘာမှထွေထွေထူးထူးထပ်မပြောဘဲ သူဝတ်ထားတဲ့ အပေါ်ထပ်အင်္ကျီရှည်ကိုချွတ်လိုက်ပြီး ဓာတုလွန်ကိုကမ်းပေးလိုက်သည်။ အယ်လ်ဖာက အင်္ကျီကိုမယူ၊ သူ့လက်ကိုလှမ်းဆွဲ၏။ ဖရိုဖရဲပင် ဓာတုလွန်ရင်ခွင်ထဲပြုတ်ကျတော့ သွေးသက် ဆဲချင်စိတ်က လှိုက်တက်လာ၏။ တံတွေးတွေအများကြီးကိုမြိုချလိုက်ပြီး.."Assignment လုပ်စရာရှိတယ်၊ ငါ့ကိုလာမနှောင့်ယှက်နဲ့"
အယ်လ်ဖာက သွေးသက်ကိုဖက်ထားကာ ပုခုံးလေးကိုနမ်းရှုံ့ရင်း တိုးတိုးညင်သာရေရွတ်၏။
"ဆရာဝန်အရမ်းဖြစ်ချင်တာပဲလား အရမ်းမကြိုးစားလည်းရပါတယ် ကိုယ်ပိုက်ဆံပိုရှာပြီး မင်းကိုဆေးရုံထောင်ပေးမယ်"
"အပိုတွေပြောမနေနဲ့ ဆေးရုံထောင်တာနဲ့ ဆရာဝန်ဖြစ်သွားရောလား ဖယ်ပါ..စာလုပ်ရမယ်"
"တောင်းပန်ပါတယ်နော်..ကိုယ်တကယ်မလွှတ်ပေးချင်လို့ပါ..ကိုယ့်ကိုချွေးသိပ်ပေးပါဦး မင်းဖယ်ရိုမုန်းလေးတွေနဲ့"
ဒီအယ်လ်ဖာနဲ့တော့ ခက်ပြီ။ သွေးသက် လေပူတွေကိုမှုတ်ထုတ်လိုက်ပြီး ဓာတုလွန်နဲ့အသားကျအောင် ုငြိမ်သက်လိုက်သည်။ ဘာဖြစ်ချင်နေမှန်းမသိ အယ်လ်ဖာကို သာသာနဲ့နာနာ ထိုးနှက်ချင်စိတ်က ကုန်ခမ်းနေ၏။ ငါအမှတ်အသားပေးထားတဲ့ ငါ့အယ်လ်ဖာလေးက အခုချိန် ငါပစ်ပစ်ခါခါလုပ်ရင် ထိုင်ငိုသွားလိမ့်မယ် လို့ပဲတွေးနေမိလို့။