Unicode
ရီဝေမင်းဆက် ထွက်သွားတယ်ဆိုတဲ့ သတင်းကို သွေးသက်မသိခဲ့ရပါပေ။ တစ်ညေနလုံး နေခြည်သွေးသက်နဲ့ မင်းဆက်နိုင် တို့ လိုက်ရှာပါသော်လည်း ဘာအကြောင်းမှ မထူးလာခဲ့။
"ရှင် အဲ့ကလေးကို တွေ့အောင်ရှာထား၊ ကျွန်မ သားကိုသွားတွေ့ရဦးမယ်"
"သွားတွေ့ပြီး ဘာလုပ်မှာလဲ၊ မင်းသူ့ကို ပစ်သွားတာ ၁၄နှစ်တောင်လေ"
"ကျွန်မ အဲ့လိုထွက်သွားရတာ ရှင့်ကြောင့်လေ ဘယ်သူ့ကို လာအပြစ်တင်နေတာလဲ၊ ပြီးတော့ ကျွန်မ သူ့ကိုပစ်ထားတာမဟုတ်ဘူး၊ သူဘာလုပ်နေလဲ အမြဲစုံစမ်းနေတာ"
မင်းဆက်နိုင်က ခနဲ့သလိုရယ်လိုက်ပြီး ဆေးလိပ်ထုတ်ကာ ဖွာရှိုက်လိုက်သည်။
"ငါဒီလောက် ဖိအားတွေ ပေးခဲ့တာတောင် အပြုံးတစ်ချက်မပျက်တဲ့ ကလေးက မင်းမေးသမျှကို အမှန်အတိုင်းဖြေမယ်ထင်နေတာလား? ငါ့ကိုပြောစမ်းပါ မင်းတို့နောက်ဆုံး ဖုန်းပြောကြတော့ မင်းသူ့ကိုဘာပြောခဲ့လဲ"
နေခြည်သွေးသက် တုန်လှုပ်သွားပြီး ဘာမှထပ်မပြောနိုင်တော့ပေ။ သူမ မင်္ဂလာပွဲကို မလာနိုင်ခဲ့ဘူးလေ။ သူမ ရဲ့ စိတ်ခံစားချက်ကို ဦးစားပေးပြီး သွေးသက်ရဲ့ခံစားချက်ကိုတော့ မေ့လျော့ထားခဲ့မိတယ်။
"မင်းငါ့ကိုအရမ်းမုန်းနေရင်တောင် သူ့ကိုတော့ငဲ့ကြည့်ခဲ့သင့်တယ်၊ ရီဝေမင်းဆက်ကို မုန်းရင်တောင်မှ မင်းရဲ့ကလေး သွေးသက်ကို ကြည့်ခဲ့သင့်တယ် မင်းဘာကိုမှ မကြည့်ဘဲ ထွက်သွားခဲ့တာ"
နေခြည်သွေးသက်ရဲ့ စိတ်ထဲမှာအထုံးတစ်ခုလို အမြဲခုနေတာက ထားခဲ့ရခြင်းပဲဖြစ်လေသည်။ ထိုအထုံးကို မင်းဆက်နိုင်က မကြာခဏ လာထိခိုက်နေတော့ သူမ လက်မခံနိုင်တော့ပေ။
သူမ အဲ့အကြောင်းတွေကို ထပ်ခါထပ်ခါ ပြောမနေချင်ဘူး။
"ကျွန်မကို အပြစ်တင်နေမဲ့အစား ရီဝေမင်းဆက်ကိုပဲ တွေ့အောင်ရှာလိုက်ပါလား"
"ငါမရှာနိုင်ဘူးလို့ မင်းထင်နေတာလား ငါ့မှာလုပ်နိုင်တဲ့ အင်အားတွေရှိတယ်၊ ထွက်ပြေးသွားတဲ့လူကို လိုက်ဖမ်းနေရင် နောင်တစ်ချိန် ထပ်ပြီးထွက်ပြေးဦးမှာပဲ၊ သူ့ဟာသူ အိမ်ပြန်လာတာကိုပဲ ငါစောင့်တယ် ဘယ်တော့မှ လိုက်မဖမ်းဘူး"