Unicode
ဓာတုလွန် အိမ်ကိုပြန်ရောက်တဲ့အချိန်မှာ ကိုးနာရီကျော်နေပြီဖြစ်ပြီး သူတု့ိအခန်းလေးတစ်ခုကလွဲပြီး တစ်အိမ်လုံး မီးတွေပိတ်ထား၏။ မီးဖိုချောင်ထဲက ရေတစ်ဘူးထုတ်လိုက်ပြီး ရေဘူးကိုင်ကာ အပေါ်ထပ်ကအခန်းထဲကို တိတ်တဆိတ်ပဲ တက်သွားလိုက်တယ်။
သွေးသက်က အိပ်ပျော်သွားလောက်ပြီ။ သူတို့ကြားထဲ တည့်တဲ့အချိန်ဆိုတာ မရှိသလောက်ရှားတာမို့ သွေးသက်ရဲ့မျက်နှာကို ငေးကြည့်ရတဲ့အချိန်က အိပ်ချိန်တစ်ချိန်သာရှိလေသည်။ ဓာတုလွန် အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့ မအိပ်သေးဘဲ လက်ဖက်ရည်စားပွဲနားမှာ သူ့ကို ကျောပေးရင်း ထိုင်နေတဲ့ သွေးသက်ကိုမြင်လိုက်ရတယ်။
လက်ထဲကရေဘူးကို ကုတင်ဘေးခုံမှာတင်လိုက်ပြီး အပေါ်ထပ်အင်္ကျီကို ချွတ်လိုက်တယ်။ နက်ခ်တိုင်ကို အနည်းငယ်ဖြေလျော့လိုက်ရင်း..
"မအိပ်သေးဘူးလား..နောက်ကျနေပြီ"
"မင်း..ငါ့ကိုပြောစရာတစ်ခုခုမရှိဘူးလား"
သွေးသက်က ပုံမှန်နဲ့မတူဘဲ ငြိမ်သက်လွန်းနေပြီး ထူးဆန်းနေ၏။ သွေးသက်မင်းဆက် အဲ့လိုထူးဆန်းနေတဲ့အချိန်ဆို ဓာတုလွန် ခပ်လန့်လန့်။
"ငါ့အမေ ဂျပန်ကပြန်ရောက်နေတယ် မင်းထွက်သွားပြီးမကြာဘူး ရောက်လာတာပဲ ညီညီ့အကြောင်းလည်းပြောသွားတယ်"
"ကျစ်! သွားပြီ.."
ဓာတုလွန် စိတ်ပျက်လက်ပျက်နဲ့ ခပ်တိုးတိုးရေရွတ်လိုက်မိပြီး သက်ပြင်းရှည်တစ်ခုချလိုက်သည်။
"ငါမင်းကိုပြောပြမလို့ဘဲ"
သွေးသက်က မျက်လုံးစိမ်းတွေနဲ့ ဓာတုလွန်ဘက် ဒေါသတကြီးလှည့်လာပြီး..
"ငါ့ညီကို ပြည်ပထိရောက်အောင် ကန်ထုတ်ပြီးမှလား အဲ့ကျမှပြောပြမယ်တွေးထားတာလား!"
"သွေးသက် မင်းဒေါသတွေထွက်မနေဘဲ ငါပြောတာလေး နားထောင်ပေးပါလား ငါ့ကိုစောင့်နေ မအိပ်နဲ့ဦးလို့ပြောတာ အဲ့ကိစ္စကိုငါပြောမလို့"
"ဟမ့်! ပြောစမ်းပါဦး ဘာဆင်ခြေတွေပေးမလဲ"
ဓာတုလွန်စိတ်ရှုပ်လာသည်။ သူဘာမှမပြောရသေးပေမဲ့လည်း သွေးသက်ရဲ့စိတ်ထဲမှာ အနုတ်ပြပြီးနေခဲ့ပြီ။ ဒီတော့ သူဘာဆက်ပြောပြော ယုံဖို့လည်း လမ်းမမြင်ဘူး။ ဒါပေမဲ့လည်း သူပြောပြရမယ်။