Unicode
ဒီရက်တွေထဲမှာ သူတို့ကြားက ဆက်ဆံရေးဟာ ပိုပိုဆိုးလာပြီး တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ဖို့တောင် ခက်ခဲကြသည်အထိပဲ။ ကွာပြဲသွားတဲ့ လင်မယားတွေလိုမျိုး တစ်ယောက်နဲ့တစ်ယောက် မြင်တွေ့ရုံနဲ့ အတွင်းစိတ်ထဲမှ ကိုယ်စီကိုယ်စီသိမ်းဆည်းထားတဲ့ အထင်လွဲမှုနဲ့ တလွဲကောင်းတဲ့မာနတွေက ခံစားချက်တွေကို အနိုင်ယူသွားသည်။
အိမ်အကူတစ်ယောက်ကို အလုပ်ခန့်လိုက်ပြီး အိမ်မှာနေရာပေးထားတာမို့ အနည်းဆုံးတော့သွေးသက် တစ်ယောက်ထဲဖြစ်မနေတော့ပေ။ စာလုပ်နေရင်း ဖုန်းမြည်လာခဲ့ပြီး တစ်ဖက်က ရဲရဲ ရဲ့ ချိန်းဆိုမှုဖြစ်နေခဲ့တယ်။
ပြဿနာတက်အပြီးထဲက ရဲရဲနဲ့ အဆက်အသွယ်မရှိတော့တာဖြစ်ပြီး တည်တံ့မြဲမြံကို သွေးသက်ဘက်က ဆက်သွယ်ခဲ့သေးသည်။ ရဲရဲ ရဲ့ ပြဿနာဟာ တည်တံ့မြဲမြံ လက်ချက်ပဲဖြစ်မည်ဆိုတာ သူသိသည်။ သို့သော် ကံမကောင်းစွာပင် တည်တံ့မြဲမြံက နယ်စပ်ဘက်ကို ရောက်နေပြီး စီမံကိန်းမပြီးမချင်း ပြန်မလာနိုင်ဟူ၍လည်း ဖေဖေ့ဆီကတဆင့်သိခဲ့ရသည်။
သုံးပတ္ထဲဝင်နေတဲ့ ဗိုက်ကလေးက ပြားချပ်ချပ်ကလေးပင် ဖြစ်နေဆဲဖြစ်ပြီး ဆေးရုံရက်ချိန်းတိုင်းကို ဓာတုလွန်နှင့် အတူတူသွားခဲ့ရသည်။ သူဟာ ကလေးကို လိုချင်ပါသည့်တိုင် ဓာတုလွန်ကတော့ မယုံကြည်ဘဲ အချိန်ပြည့် သတိထားနေခဲ့လေသည်။
ရဲရဲနဲ့ ချိန်းထားတဲ့ ဆိုင်ကိုရောက်တော့ လင်းလက်ပိုင်လည်း ရှိနေခဲ့သည်။ ဓာတုလွန်ရဲ့ ရည်းစားဟောင်းဖြစ်သူနဲ့ သွေးသက်တို့ သင့်မြတ်နေတာက အနည်းငယ်တော့ အံ့ဩဖို့ကောင်းသည်။ သူတို့ ညီအကိုက နိုင်ငံခြားကို သွားတော့မည်ဖြစ်ကြောင်းနှင့် သွေးသက်ကို နှုတ်ဆက်လာသည်။
သွေးသက်က ကလေးအကြောင်းကို စကားမဟမိသလို ရဲရဲကလည်း ပြောမလာခဲ့ဘူး။ ရဲရဲသာ မလိုချင်ခဲ့ရင် ထိုကလေးသည်လည်း လူ့လောကထဲမှ ပျောက်ကွယ်သွားလောက်ပြီဖြစ်သည်။ ဘာတွေပဲဖြစ်နေဖြစ်နေ သူ့ရှေ့က ထိုကောင်လေး ပျော်ရွှင်ပြီး အဆင်ပြေရမည့်လမ်းကိုသာ သွေးသက်က ညွှန်ပြပေးနေမည်ဖြစ်၏။